အခုလို တရားဝင် စုဝေးဆန္ဒပြခွင့် လျှောက်ထားရတာဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်း လွတ်လပ်ခွင့် ရရှိဖို့၊ ကျင့်ဝတ်နှင့်အညီ သတင်းရေးသားနေတဲ့ သတင်း မီဒီယာတွေအပေါ် အစိုးရ ဝန်ကြီးဌာနတွေရဲ့ တရားစွဲဆိုမှုတွေ ရပ်ဆိုင်းစေဖို့နဲ့ မီဒီယာသမားတွေရဲ့ သဘောဆန္ဒ မပါဘဲ ရေးဆွဲထားတဲ့ မီဒီယာ ဥပဒေကို ကန့်ကွက်ဖို့အတွက် ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။
စုဝေး ဆန္ဒပြရာမှာ မီဒီယာ ဖိနှိပ်မှုရပ် စာတန်းပါ အနက်ရောင် တီရှပ်အင်္ကျီနဲ့ Press Freedom စာတန်းပါ အနက်ရောင် ဦးထုပ်တွေ တူညီဝတ်ဆင်ပြီး သတင်း လွတ်လပ်ခွင့်သည် ဒီမိုကရေစီကို တိုင်းတာသော စံနှုန်းဖြစ်သည်၊ မီဒီယာတွေအပေါ် ဖိနှိပ်မှု ချက်ချင်းရပ်၊ ကျင့်ဝတ်နှင့်အညီ သတင်းရေးသားသော မီဒီယာများအပေါ် အစိုးရဝန်ကြီးဌာနတွေရဲ့ တရားစွဲဆိုမှုရပ်၊ မီဒီယာသမားတွေကို အသိပေးခြင်း မပြုဘဲ ရေးဆွဲထားတဲ့ မီဒီယာဥပဒေကို အပြင်းအထန် ကန့်ကွက်ပါသည် စတဲ့ စာသားတွေ ပါဝင်တဲ့ ဆိုင်ဘုတ်တွေ ကိုင်ဆောင် ပြသသွားမယ်လို့ သိရပါတယ်။
