ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲ နည်းဥပဒေမှာ မဲဆန္ဒနယ်တစ်ခုက ရွေးကောက် တင်မြောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ကော်မရှင်က အတည်ပြု ကြေညာပြီးတဲ့ နေ့ကစလို့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

2012.03.30

ဒါပေမဲ့ အခုကြားဖြတ် ရွေးကောက်ပွဲမှာတော့ ၂၁ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းရမှာ ဖြစ်တယ်လို့ ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးသာဦး ခေါင်းဆောင်တဲ့အဖွဲ့က မနေ့က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က လားရှိုးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လားရှိုးခရိုင်၊ မြို့နယ် ၅ မြို့နယ်က အမျိုးသား လွတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် ၅ ဦးကို လာရှိုးမြို့ စိုက်ပျိုးရေး ဧည့်ရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာ ဖြစ်တယ်လို့ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမဲ့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မနေ့က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ၂ ရက် ကောက်ခံမဲ့ ကြိုတင်မဲတွေကို ကော်မရှင်အဖွဲ့ဝင်တွေက မြို့နယ်အလိုက် နာမကျန်းဖြစ်သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေနဲ့ အချုပ်ကျနေသူတွေကို လိုက်လံ ကောက်ခံနေပြီး၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာတွေက ကော်မရှင်ရုံးတွေမှာလည်း ကြိုတင်မဲတွေ စတင်လက်ခံနေပြီလို့လည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက အမျိုးသားလွတ်တော် တစ်နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစိုင်းမြင့်မောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းစံမင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာ နန်းကိန်ဖောင်းတစ်၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးရောဘတ်နဲ့ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ဦးလော်ကျွန်ကွမ်းတို့ ၅ ဦး ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် သိန္ဒီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်းလုံ၊ လားရှိုးမြို့နယ် ၅ မြို့နယ် အတွင်းမှာ မဲရုံပေါင်း ၃၅၈ ရုံရှိပြီး မဲပေးနိုင်သူဦးရေ နှစ်သိန်းကိုးသောင်းရှစ်ထောင် ရှိကြောင်း သိရပါတယ်။

ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် ပေးပို့ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။