အရောင်းစားခံ ရခိုင်လူမျိုး နောက်ထပ် ၃ ဦးကို ထိုင်းလှေပေါ်မှ ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခရိုင် ၊ ဖန်ဘူရီမြို့က ငါးဖမ်းလှေပေါ်မှာ လူပွဲစားတွေရောင်းစားတာ ခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) အဖွဲ့နဲ့ မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အရောင်းစားခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားများအသင်း MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက အခုလိုပြောပါတယ်။

"ဖမ်းတဲ့လှေကလည်း မြို့နယ်မှူးအဆင့်ရှိတဲ့ ပုလိပ်လှေပေါ်မှာ၊ သုံးယောက်စလုံး ရခိုင်တွေ ပဲ၊ အောင်ထွန်းလင်း (၁၉) နှစ် အောင်ထွန်းဝင်း (၂၂) နှစ် ညီအစ်ကိုနှစ်ယောက် ပြီးတော့ မောင်စိုး (၃ဝ) မြောက်ဦးက၊ သူတို့တွေက ပတ်စပို့စ်ဖိုး ပိုက်ဆံပေးပြီးတော့ ထိုင်းထဲကိုဝင်လုပ်မယ် ဆိုပြီးတော့ ရောင်းစားပစ်လိုက်တာ (၄၇) ယောက်ထဲမှာ အပါအဝင်ပေါ့၊ တကွဲစီဖြစ်ကုန်ပြီ၊ ဒီထဲက (၂) ယောက်ရပြီ အရင်လက (၅) ယောက်၊ ရှစ်ယောက်ပဲရသေးတယ်"

သူတို့အပါအဝင် (၄၇) ယောက်ကို ပြီးခဲ့တဲ့မေလဆန်းပိုင်းက မြဝတီလူပွဲစားတွေကနေအဆင့်ဆင့် ငါးဖမ်းလှေမှာ ရောင်းစားတာခံခဲ့ရပြီး တကွဲတပြားစီဖြစ်ကာ ပိုက်ဆံမရဘဲ လှေလိုက်ကြရတာလို့ အခုလွတ်မြောက်လာတဲ့ မောင်အောင်ထွန်းလင်းက ပြောပါတယ်။

" မြဝတီပွဲစားက ငါးလပိုင်းလောက်ရှိလောက်တယ်။ အဲဒီတုန်းကခေါ်တာ သူတို့ကနေ ကျနော်တို့ကို တရားဝင်သွားမယ်ဆိုပြီးတော့ ပိုက်ဆံ ကျနော်တို့ကို တစ်ယောက်ကို သုံးသိန်းခွဲတောင်းပါတယ်၊ ပိုက်ဆံသုံးသိန်းခွဲပေးပြီးတော့ ကော့သောင်းရောက်မှ ပတ်စပို့စ်ထုတ်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ခေါ်လာပါတယ်၊ ကျနော်တို့ ထားဝယ်မှာ အဲဒီစခန်းက တင်ပေးလိုက်တယ်၊ တင်ပေးလိုက်တာနဲ့ မဲခေါင်ကိုရောက်တယ်၊ မဲခေါင်က ပွဲစားကမှတဆင့် ကျနော်တို့ ဒီလှေထဲကိုထည့်တာ၊ လှေမှာအလုပ်လုပ်တာပေါ့၊ ကျနော်တို့လုပ်ခ လခပိုက်ဆံကို အဲဒီပွဲစားက ထုတ်ပြီးသုံးတာ ကျနော်တို့တပြားမှမရပါဘူး။ ကျနော်တို့ လှေပေါ်မှာ တစ်လခွဲလောက်ရှိသွားပြီ"

အခုရောင်းစားခံရတဲ့ လှေပေါ်ကနေ လွှတ်မြောက်လာသူတွေဟာ ဝါးလတ်ကြီး ငါးဖမ်းလှေအမျိုးအစားမှာ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး ဆယ်ရက်ငါးဖမ်းထွက်ပြီး ကမ်းတစ်ခါကပ်တဲ့လှေလည်း ဖြစ်ပါတယ်။