ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်တဲ့ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းအနီးမှာ ဒီနေ့ကစပြီး ရွှေ့ပြောင်းနေရာချ ထားပေးနေပါတယ်။
အခုလိုနေရာချထားပေးတာဟာ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက် အရ ပြည်နယ်အစိုးရက အခုလို ရွှေ့ပြောင်းနေရာချ ထားပေးတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှဟန်က RFA ကို ပြောပါတယ်။
“သူတို့ဘက်က ခေါင်းဆောင်တွေက တင်ပြလာလို့ ကျနော်တို့က စီမံပေးလိုက်တာပါ၊ သူတို့သွားချင်တဲ့လူလောက်ပဲ ကျနော်တို့ လွှတ်ပေးလိုက်တာပါ၊ ကျနော်တို့ တင်ပေးလိုက်တဲ့အထဲကတော့ ၁၃ဝ လောက်ပဲရှိတယ်၊ ဒါပေမယ့် ဒီမှာက ၁၅ဝ လောက် အနည်းဆုံးရှိမယ်ထင်တယ်”
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ထဲမှာ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ရှိတဲ့အနက် ၁၅ဝ ဝန်းကျင်ကို ဒီနေ့ ရွှေ့ပြောင်းနေရာချထားပေးပြီး ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကိုလည်း သူတို့ဆန္ဒသဘောအရ နောက်နေ့တွေမှာ ဆက်လက်ရွှေ့ပြောင်းသွားဖို့ရှိတယ်လို့ ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်နေတဲ့ မွတ်စလင်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးရွှေဇံအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့မှာ ရပ်ကွက် ၄ ရပ်ကွက်က ကျန်ခဲ့တာတွေရှိပါတယ်၊ အဲဒီကျန်ခဲ့တဲ့အထဲမှာ ပြီးခဲ့တဲ့မိုးတွင်းက ပြောင်း သွားပြီး အိမ်ထောင်စု ၂ဝဝ ကျော်လောက် ကျန်ခဲ့ပါတယ်၊ ဟိုမှာအမိုးအကာမပြီးသေးလို့ ကျနော်တို့က မပြောင်းသေးတာ၊ အခုကအမိုးအကာပြီးလို့ ပြောင်းတာဖြစ်ပါတယ်ခင်ဗျ၊ မသွားချင်တဲ့လူတွေကိုလည်း အတင်းအဓမ္မသွားဖို့လည်း မပြောပါဘူးခင်ဗျ”
ပြီးခဲ့တဲ့နှစ်က စစ်တွေမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည်တွေအားလုံးကို စစ်တွေမြို့အနောက်ဘက် သဲချောင်း၊ သက္ကယ်ပြင်၊ မှန်ဇီကျေးရွာတွေဘက်မှာ ဒုက္ခသည်တန်းလျားတွေဆောက်လုပ်ပြီး ပြည်နယ်အစိုးရက နေရာချထားပေးနေတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။