လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံး တဲ့အခါ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင်ရောက်အရွေးခံ တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ စည်းရုံးဟောပြောခွင့်ပြုမယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြော လိုက်ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီလ ၇ ရက်နေ့ကပြုလုပ် တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ခရိုင်-မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။
"သူကပြောခဲ့တဲ့ စကားလုံးအတိအကျက အချိန်၊ နေရာနဲ့ လူပုဂ္ဂိုလ်ကို ကန့်သတ်လို့ရတယ်၊ ကန့်သတ်ပိုင်ခွင့်လည်းရှိတယ်၊ လူပုဂ္ဂိုလ်ဆိုတာကတော့ အရွေးခံမယ့် လူပုဂ္ဂိုလ်ကပဲ သူဘယ်လိုအရည်အချင်းရှိပါတယ်၊ ဘယ်လိုလုပ်ပါမယ်၊ ဒါတွေကို ပြောသင့်တယ်ပေါ့၊ တခြားလူက ဝင်ပြောလို့မရဘူးဆိုတဲ့ သဘောမျိုးပြောသွားတယ်၊ အချိန်အနေနဲ့ကျတော့ မလေးရှားမှာဆိုရင် campaign ရက်ကို ၁၅ ရက်ပဲပေးတယ်လို့ သူပြောတယ်၊ အဲဒီလိုမျိုး ကန့်သတ်လို့ရတယ်၊ ဘယ်နေရာပဲ campaign လုပ်ပါဆိုပြီး ကန့်သတ်လို့ရတယ်၊ နေရာရယ်၊ အချိန်ရယ်၊ လူရယ်ကို ကန့်သတ်မယ်လို့ ပြောပါတယ်"
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဒီပြောကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ ယူဆကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို မဲဆန္ဒနယ်အလိုက် ဟောပြောမယ့်သူ၊ ဟောပြောမယ့်အချိန်နဲ့ နေရာတွေကို ကန့်သတ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာပဲ လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေတာဟာ အာဏာလိုချင်လို့မဟုတ်ဘဲ၊ အာဏာမသိမ်းချင်တဲ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။