မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက်ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းအားလုံးကုန်ဆုံးသွားပြီမို့ကုလသမဂ္ဂကော်မရှင်ဖွဲ့ပြီးစုံစမ်းစစ်ဆေးရေးကိစ္စကိုအင်ဒိုနီးရှား အစိုးရအနေနဲ့ထောက်ခံသင့်ကြောင်းမြန်မာ့အရေး ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ်များအဖွဲ့ရဲ့ဥက္ကဋ္ဌကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာမြန်မာစစ်အစိုးရနဲ့ထိတွေ့ဆက်ဆံရေး မူဝါဒအရပြီးခဲ့တဲ့နှစ်ကအထူးကိုယ်စားလှယ် Mr. Kurt Campbellကို မြန်မာနိုင်ငံကိုစေလွှတ်ခဲ့ပေမယ့်မြန်မာနိုင်ငံမှာထူးခြားတဲ့ပြောင်းလဲမှုတွေပေါ်ပေါက်လာတာမတွေ့ရကြောင်းအင်ဒိုနီးရှား လွှတ်တော်အမတ်များ အဖွဲ့ဥက္ကဋ္ဌ Ms. Evaက ပြောပါတယ်။ဒါ့ကြောင့်မြန်မာနိုင်ငံမှာဒီမိုကရေစီပေါ်ပေါက်ရေးအတွက်နည်းလမ်းသစ်တွေပြောင်းလဲကျင့်သုံးဖို့အချိန်တန်ပြီ ဖြစ်တယ်လို့ Ms Evaက ပြောပါတယ်။
မိမိတို့ဟာမြန်မာ့အရေးနဲ့ ပတ်သက်ပြီးပျော့ပြောင်းတဲ့ သဘောထားရှိခဲ့တာကြာပြီဖြစ်ပေမယ့်မြန်မာစစ်အစိုးရနဲ့အပြုသဘောထိတွေ့ဆက်ဆံရေးဆိုတဲ့မူဝါဒဟာဘာမှ အလုပ်မဖြစ်တာကိုတွေ့ရကြောင်း၊လာမဲ့နှစ်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမယ့်အင်ဒိုနီးရှားအစိုးရအနေနဲ့မြန်မာ့အရေးကိုအခုထက်ပိုပြီးတင်းတင်းကျပ်ကျပ်ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်းလည်း Ms Evaက ပြောပါတယ်။
အမည်မဖော်လိုတဲ့အာဆီယံဆိုင်ရာအင်ဒိုနီးရှားအစိုးရ အရာရှိတဦးကတော့မြန်မာ့အရေးစုံစမ်းစစ်ဆေးမယ့် ကော်မရှင်ကိုလုံခြုံရေးကောင်စီကဖွဲ့စည်း တာဝန်ပေးအပ်မယ်ဆိုရင်လုပ်ပိုင်ခွင့်တွေပိုပြီး ရှိမှာဖြစ်ကြောင်း၊ဒါပေမယ့်ဒီကိစ္စကိုတရုတ်ကဗီတိုအာဏာသုံးပြီးပယ်ချနိုင်ကြောင်းပြောဆိုလိုက်ပါတယ်။
