အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဒီကနေ့ ပြန်လည်ကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပထမနေ့မှာ စစ်ပွဲတွေ မဖြစ်အောင် လျော့ချနိုင်ရေးအတွက် နည်းလမ်းတွေ ရှာဖွေသွားကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ စတင်ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တိုင်းရင်းသားကိုယ်စားလှယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောခဲ့တာဖြစ်ပါတယ်။
"တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ ဆက်ပြီးတော့ရှိနေသေးတယ်ဆိုတာကို ကျနော်တို့အနေနဲ့ နှစ်ဖက်စလုံးကနေပြီးတော့ အသိအမှတ်ပြုတယ်၊ အဲ့လိုရှိနေတာကို နှစ်ဖက်စလုံး ကဝန်ခံပြီးတော့ ဒီဟာတွေကို ကျနော်တို့အနေနဲ့ အမြန်ဆုံးဘယ်လိုလျော့ချမလဲ၊ လျော့ချတယ်ဆို တဲ့နေရာမှာလည်း ပါးစပ်နဲ့လျော့ချမယ်လို့ ပြောနေတာ မဟုတ်ဘဲနဲ့ ဘယ်လိုလျော့ချနိုင်မယ့်နည်းလမ်းတွေကို နှစ်ဖက်စလုံးပူးပေါင်းပြီးတော့ ဘယ်လိုရှာဖွေမလဲ၊ အဲ့ဒါကနေတဆင့် ဒီပြဿနာမျိုး နောက်ထပ်မပေါ်ပေါက်ရအောင် ကျနော်တို့အနေဲ့ ဘာလုပ်ကြမလဲဆို တာလေး ဆွေးနွေးတာဖြစ်ပါတယ်"
နိုင်ငံတော် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမဟုတ်ဘဲ စားပွဲဝိုင်းပေါ်မှာအဖြေရှာဖို့ ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်သွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ နှစ်ဖက်သဘောတူညီနိုင်မယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် ၅ ရက်ကြာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် Vijay Nambiar နဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါ လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
