အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥရောပနိုင်ငံများအဖွဲ့ကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ ပြည်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့က တစ်ရက်ကြာလာရောက်ပြီး အမေရိကန်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဝန်ကြီးဦးအောင်မင်းက ပိတ်ဆို့မှုတွေကြောင့် နစ်နာခဲ့ရပုံကို နိုင်ငံခြားပို့ကုန်တွေနဲ့ ဥပမာထား ပြောဆိုခဲ့ပြောပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း PR လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်စံနစ်ကို လာမယ့်သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောကြားရင်း ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ ပြန်လည်လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အလားတူပါဝင်သူတစ်ဦးဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းကတော့ လယ်ယာသစ်တော မြေပြင်သယံဇာတတွေကို ဂြိုလ်တုစံနစ်သုံးလေ့လာဖို့ အမေရိကန်အဖွဲ့အစည်းတွေထံက အကူအညီပေးမယ့် ကတိတွေရရှိခဲ့ကြောင်း ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ နယူးယောက်မြို့ကနေ သမ္မတ ဦးသိန်းစိန်ကို ICG အဖွဲ့ကချီးမြှင့်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဆုကို တနင်္လာနေ့က လက်ခံရယူပြီး ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့မနေ့က လာရောက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကညနေပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော် ဒါးလပ်စ်လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။ ဝါရှင်တန်မှာ ရောက်ရှိစဉ် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့ဆုံမေးမြန်းခန်းတွေမှာ နားဆင်ပါ။
ဦအောင်မင်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဦးခင်ရီနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဦးဝင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။