ရေဘေးသင့်ဒေသတွေမှာ ဆန်အိတ်တွေ သွားရောက်လှူဒါန်းမယ့် အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာတဲ့ ဈေးနှုန်းနဲ့ ဆန်အိတ်တွေ ရောင်းချပေးသွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
ဈေးကွက်မှာ ရောင်းချနေတဲ့ နှုန်းထက် သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဆန်ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အတော်တော်များများမှာ ရေလွှမ်းမိုးနေတဲ့အတွက် ဆန်ကို အရင်ထက်ပိုပြီး ဝယ်ယူစုဆောင်းနေတာကြောင့် ဆန်ဈေ းတွေ တက်နေတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။
ဆန်ဈေးမြင့်တက်နေမှုကို ထိန်းနိုင်ဖို့အတွက် ပြည်ပကို ဆန်တင်ပို့မှု ရပ်ဆိုင်းထားဖို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ဆန်အိတ် သုံးသိန်းလောက် သိုလှောင်ထားတာကြောင့် ဆန်ပြတ်လပ်မှု မရှိနိုင်ဘူးလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကို RFA သတင်းထောက် မမိုးကလျာဦး က ဆက်သွယ်မေးမြန်းထားပါတယ်။