မြန်မာနိုင်ငံက ထွက်ရှိတဲ့ ၂၅ မတ် ဧည့်မထဆန် တန်ချိန် ၆၀၀၀ ကို ဂျပန်နိုင်ငံက ဝယ်ယူဖို့ တင်ဒါရရှိထားတယ်လို့ သိရပါတယ်။
မြန်မာ့ဆန် နိုင်ငံခြားတင်ပို့ရောင်းချမှု အခြေအနေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ မြန်မာနိုင်ငံ ဆန်၊ စပါးအသင်းချုပ် အလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။
"ဂျပန်အစိုးရက တင်ဒါစနစ်နဲ့ ဝယ်တာပေါ့နော်၊ တင်ဒါမှာ နှစ်မျိုးရှိတာပေါ့၊ Global တင်ဒါရယ်၊ Specified Country တင်ဒါရယ်ပါ၊ Specified Country တင်ဒါဆိုတာ အမေရိကန်ရယ်၊ ထိုင်းနိုင်ငံရယ်ကို ပေးတာပေါ့နော်၊ အဲဒီနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေက ဆန်ကိုပဲ တင်လို့ရတာ၊ Global တင်ဒါကျတော့ ကမ္ဘာမှာရှိတဲ့ ဆန်အားလုံးတင်လို့ရတယ်၊ တင်တဲ့နေရာမှာ ဒီနေ့အောင်တာကတော့ Global တင်ဒါမှာ ဗမာဆန် ၆ ထောင်ရယ်၊ ထိုင်းဆန် ၆ ထောင်ရယ် အောင်တာပေါ့နော်၊ အောင်တော့ ခုလောလောဆယ် ကျနော်တို့ ပို့မယ်ဆိုရင်တော့ ဧပြီနဲ့ မေလအတွင်းမှာ အရောက်ပို့ပေးရမယ်"
ဂျပန်နိုင်ငံကို ဆန်တန်ချိန် ၆၀၀၀ တင်ပို့ခွင့် တင်ဒါရရှိကြောင်း မနေ့က အကြောင်းကြားစာ လက်ခံရရှိခဲ့တာလို့လည်း သိရပါတယ်။ မြန်မာ့ဆန်ကို ဂျပန်နိုင်ငံက ဝယ်ယူတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း ပထမဆုံးအကြိမ် ဝယ်ယူခဲ့ဖူးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် ဆန်တန်ချိန် ၁၂ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းတင် ဆန်တန်ချိန် ခုနစ်သောင်းနီးပါး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချဖို့ ရှိတယ်လို့လည်း ပြောပါတယ်။