ဆန်နဲ့ ရှားပါး တိရစ္ဆာန်ထွက် ပစ္စည်းတွေ အိန္ဒိယ - မြန်မာ နယ်စပ် မှောင်ခို ရောင်းဝယ်

မြန်မာစစ်အစိုးရက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ထားပေမဲ့ မြန်မာဖက် နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ကနေ အိန္ဒိယ နိုင်ငံဖက် မိုးရေးမြို့ဖက်ကို ဆန်တွေ မှောင်ခို သယ်ယူ ရောင်းချနေကြတယ်လို့ သိရပါတယ်။

အဲဒီလို အိန္ဒိယဖက်ကို မှောင်ခို သွားရောက် ရောင်းချရာမှာ တချို့က ပြောင်ပြောင်တင်းတင်းပဲ လုပ်ကိုင်နေကြ သလို၊ တချို့ကလည်း ခိုးလမ်းတွေက သယ်ယူကြတာ ရှိတယ်လို့ မြန်မာဖက်ခြမ်း တမူးမြို့က ကုန်သည်တဦးက အာအက်ဖ်အေ ကို ပြောပါတယ်။ "အဲဒီမှာ ဆန်တွေဘာတွေ ရောင်းချတာရှိတယ်။ အင်ဖာတို့ ဘာတို့ပေါ့။ တမူးကနေဘဲ။ ဖမ်းဆီးတာတော့ မရှိဘူး။ ရဲတို့ ဘာတို့ တွေ့ရင်တော့ ပေးရတာပေါ့။ အများအားဖြင့်တော့ မိုးရေးဖက်ဘဲ။ လမ်းကြေးတွေ ဘာတွေ ပေးပြီး ပို့ကြတာလေ။" ဒါအပြင် မြန်မာနဲ့ အိန္ဒိယ-နယ်စပ်မှာ အိန္ဒိယဖက်ကနေ ရှားပါး တောရိုင်းတိရစ္ဆာန်တွေ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မြန်မာဖက် တမူးမြို့ကို မှောင်ခိုဝင်ရောက်လာတာတွေ အခုအခါ များပြားနေတယ်လို့လဲ ဆိုပါတယ်။ "အခုလုပ်နေကြတာကတော့ ကျားရိုးတို့၊ ကြံ့ချိုတို့၊ ဆိတ်ချိုတို့လေ၊ အစုံပေါ့ဗျာ။ ဗမာပြည်ထဲကို အိန္ဒိယကနေ ဝင်တာကို တင်ပေးတဲ့ အဖွဲ့ တဖွဲ့ ရှိတယ်။ အဖွဲ့ခေါင်းကနေပြီး ရဲတို့ စစ်သားတို့ကို လမ်းကြေး ရှင်းပေးရတာပေါ့။ အဲဒီကနေ တရုတ်နယ်စပ် မူဆယ်တို့ဖက်ကို ပို့တာ။" ပြီခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယဖက် က နယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့မှာ ကျားရိုးတွေ ကျားအစိတ်အပိုင်းတွေ သိမ်းဆည်း ရမိခဲ့ပါတယ်။