အာဆီယံ ဥက္ကဋ္ဌနေရာ မြန်မာကို မပေးဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

2011-05-07

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ ကူးပြောင်း ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မရှိရင် မြန်မာအစိုးရ တောင်းဆိုထားတဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို မပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

HRW ရဲ့ အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး Elain Pearson က- မြန်မာကို အလှည့်ကျဥက္ကဋ္ဌနေရာ ပေးရင် အာဆီယံအဖွဲ့ဟာ နိုင်ငံတကာအလယ်မှာ ဟာသပြက်လုံးတခုလို ဖြစ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ ရာထူးနဲ့ ဂုဏ်ပြုမယ်ဆိုရင် ဒေသ တခုလုံးအတွက် စိတ်ပျက်စရာ လုပ်ရပ်ကြီးတခု ဖြစ်သွားပါမယ်။ မြန်မာအစိုးရကို ဥက္ကဋ္ဌ ထားမယ်ဆိုရင် အာဆီယံအဖွဲ့ကို နိုင်ငံတကာ ရယ်ပွဲ ဖွဲ့စရာ ဟာသအဖွဲ့ကြီးအဖြစ် ဂုဏ်သိက္ခာကျ၊ အဆင့်နိမ့်သွားအောင် ခွင့်ပြုရာကျမယ် ဆိုတဲ့အချက်ကို အာဆီယံခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်”

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ မှန်ပေမယ့် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးမှာ ဒီထက် ပိုလုပ်စရာတွေ အများကြီး ရှိသေးတယ်လို့လည်း မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးအတွက် အဆင့်သင့် ဖြစ်နေပြီဆိုတာ ပြသဖို့ အစိုးရသစ် အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တာဝန်ယူမှုရှိတဲ့ အစိုးရတရပ် ဖြစ်တယ်ဆိုတာ နိုင်ငံတကာနဲ့ ပူးပေါင်းပြသဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တခု လုပ်ဆောင်ဖို့ လိုပါတယ်လို့လည်း Ms. Pearson က ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်