အမေရိကန်-အာဆီယံအစည်းအဝေးမှာ မြန်မာကိုဖိအားပေးဖို့ တိုက်တွန်း

အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ကျင်းပမဲ့ ထိပ်သီး အစည်းအဝေး အတွင်း တွေ့ဆုံတဲ့အခါ မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်နေမှုတွေ အဆုံးသတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး (Human Rights Watch) က စက်တင်ဘာ ၂၃ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမတ Mr. Barrack Obama နဲ့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်တွေဟာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံပြင်ပမှာ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်က ဒီအချိန်ကာလမှာ မြန်မာပြည်တွင်း ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းခဲ့ကြောင်း၊ ဒီလုပ်ရပ်အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေက ဝေဖန် ရှုတ်ချခဲ့ကြောင်း၊ ဒါပေမဲ့ ၃ နှစ်တာ ကြာခဲ့ပေမဲ့ မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှု မရှိသေးကြောင်း HRW အဖွဲ့က ထောက်ပြပါတယ်။

မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရချိန် ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတရပ် မဟုတ်တဲ့အကြောင်း အမေရိကန်သမတနဲ့ အာဆီယံ ခေါင်းဆောင်တွေက ဖိအားပေး ပြောဆိုဖို့ တိုက်တွန်းပါတယ်လို့ HRW အဖွဲ့က ပြောခွင့်ရသူ Mr. Tom Malinowski က RFA ကို ပြောပါတယ်။

သမတ အိုဘားမားအနေနဲ့ ဒီအချက်တွေကို အာဆီယံ ခေါင်းဆောင်တွေကို ထောက်ပြပြောဆိုမယ်လို့ မျှော်လင့်ယုံကြည်ကြောင်း၊ သမတအိုဘားမား အစိုးရအဖွဲ့အနေနဲ့ စစ်အစိုးရ ရွေးကောက်ပွဲဟာ အတုအယောင်ဆိုတာ အခွင့်အရေးရစဉ် ရှင်းရှင်းလင်းလင်း ထောက်ပြ ပြောဆိုသင့်ကြောင်း Mr. Malinowski က ပြောသွားတာပါ။ HRW အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာ အစည်းအဝေးတက်လာမဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်ကို နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးဖို့၊ ဒီအကျဉ်းသား ထက်ဝက်ခန့်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ကာလအတွင်း ဖမ်းဆီးခံရသူတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။