ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana က အဆိုပြုခဲ့တဲ့ အတိုင်း၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းရေး ကော်မရှင် ဖွဲ့နိုင်ရေးအတွက် အီးယူ အစိုးရတွေအနေနဲ့ အဆိုမူကြမ်းတရပ် ညီလာခံမှာ တင်ပြ ဆွေးနွေးသင့်တယ်လို့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေထံ လိပ်မူပြီး ပေးပို့ထားတဲ့ HRW ရဲ့ ဒီကနေ့ ပေးစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆုံးဖြတ်ချက်ချ ဝေဖန်လာတာဟာ အနှစ် ၂၀ ကျော်လာပြီး ဒီလို စာထုတ်ပြန် ဝေဖန်နေတာနဲ့ မလုံလောက်တော့ကြောင်း HRW အဖွဲ့က ပြောခွင့်ရသူ Phil Robertson က RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံအရေး စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ဆုံးဖြတ်ချက်ချရေး ဥရောပသမဂ္ဂွ အနေနဲ့ ဦးဆောင် စည်းရုံးနိုင်မယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ တောင်းဆိုထားမှုနဲ့လည်း တထပ်တည်းကျမှာ ဖြစ်ပါတယ်လို့ မစ္စတာ ရောဘတ်ဆန်က ပြောသွားပါတယ်။
ဒီပေးစာမှာ မြန်မာစစ်အစိုးရ လုံခြုံရေးတပ်တွေက ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို နှစ်စဉ် အထွေထွေညီလာခံက မှတ်တမ်းတင် ဝေဖန်ခဲ့ကြောင်း၊ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်နိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ လက်တွေ့ လုပ်ကိုင်ပြဖို့ လိုအပ်ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဥရောပသမဂ္ဂ အစိုးရတွေအနေနဲ့ တရားဝင် လူသိထင်ရှား ကော်မရှင် ဖွဲ့စည်းရေး ထောက်ခံဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်၊
မြန်မာအပေါ် ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ကိစ္စကို အီးယူအဖွဲ့ဝင် နိုင်ငံတချို့နဲ့ သြစတြေးလျနိုင်ငံတို့က ထောက်ခံထားပြီး အီးယူပါလီမန်၊ အမေရိကန် အထက်လွှတ်တော် တို့ကလည်း ထောက်ခံထားပါတယ်။