ကန့်ဘလူမြို့နယ် ကျေးရွာ တစ်ရွာမှာ အကြမ်းဖက်မှု ဖြစ်ပွား

0:00 / 0:00

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ မနေ့ည ၁ဝ နာရီ ဝန်းကျင်လောက်က အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် ဒေါသထွက်နေတဲ့လူတချို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီ ထန်းကုန်းကျေးရွာက နေအိမ်နဲ့ ဈေးဆိုင်ဖျက်ဆီးခံရတဲ့ အစ္စလာမ်ဘာသာဝင် ဦးသောင်းပွင့်က အခုလို ပြောပါတယ်။

"ကျွန်တော်က ဘူတာ အနောက်ဘက်အိမ်ဆိုတော့ လူအုပ်ကြီးက ဆင်းလာပြီးတော့ အိမ်အောက်က တံခါးတွေကို ရိုက်ဖျက်ဆီးပြီး၊ကျွန်တော် ဈေးရောင်းတဲ့ ပစ္စည်းတွေကို တစ်နိုင်တစ်ပိုင်၊ကားတွေ၊လှည်းတွေနဲ့ သယ်သွားပါတယ်။ ဒေသခံတွေပါပဲဗျာ၊ထန်းကုန်းတိုက်နယ် ပတ်လည်က ဒေသခံတွေပါဗျာ"

အကြမ်းဖက်မီးရှို့မှုတွေကြောင့် နေအိမ်အလုံး ၃ဝကျော်နဲ့ ဈေးဆိုင်တချို့ မီးလောင်ကျွမ်းခဲ့ပေမယ့် လူအသေအပျောက်တော့မရှိခဲ့ဘူးလို့ ဒေသခံတွေနဲ့ ကန့်ဘလူရဲစခန်းက ပြောပါတယ်။

မနေ့က ထန်းကုန်းရွာမှာ လာရောက်နေထိုင်သူ အမျိုးသမီးတဦးကို အစ္စလာမ်ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး အဲဒီလိုအကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ အကြမ်းဖက်မှုတွေဟာ ဒီကနေ့ မနက် ၃ နာရီခွဲ အချိန်လောက်အထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တည်ငြိမ်သွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကန့်ဘလူရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးကတော့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ လူ ၁၁ ဦးကို ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိန်းထားပြီလို့ RFA ကို ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြထားပါတယ်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဇီးကုန်းရွာသား ကိုဝင်းအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။