ဆိုင်ကလုန်း ရွန်နု အန္တရာယ်ရှိနေ


2016.05.21
roanu-storm-21may-620.jpg ၂၀၁၆ ခုနှစ်၊ မေလ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၅း၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းခန့်မှန်းချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ဒီနေ့ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းကို ဒီနေ့ ည ၇ နာရီနဲ့ မနက် ၂ နာရီကြားမှာ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မုန်တိုင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် လက်ရှိအနေနဲ့တော့ မုန်တိုင်းကိုအနီရောင်အဆင့်သတ်မှတ်ထားပါတယ်၊  မုန်တိုင်းကတော့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို  မွန်းလွဲညနေပိုင်းမှာဝင်ရောက်နိုင်တဲ့အနေအထားရှိပါတယ်၊ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွေကိုတော့ ဒီနေ့ ည ၇ နာရီနဲ့ မနက် ၂ နာရီကြားမှာ ရောက်ရှိနိုင်တဲ့အနေအထားတွေ ရှိပါတယ်"

မုန်တိုင်းဖြတ်ကျော်ချိန်မှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ လေပြင်းတွေတိုက်တာ၊ မိုးကြီးတာ၊ ရေကြီးတာနဲ့ အတူ မြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မောင်တောနဲ့ စစ်တွေခရိုင် ကမ်းခြေဒေသတွေမှာ မုန်တိုင်းကြောင့် ဒီရေ အမြင့် ၁၂ ပေကနေ ၁၄ ပေ ၊ ကျောက်ဖြူခရိုင်ကမ်းခြေဒေသတွေမှာ ၁ဝ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီနေ့ကစပြီး လာမယ့် မေလ ၂၃ ရက်နေ့အထိ တစ်ပြည်လုံးမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မုန်တိုင်းဝင်ရောက်နိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အရေးပေါ်ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးနည်းစနစ်တွေ၊ သတင်းထုတ်ပြန်ချက်တွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ရိက္ခာပို့ဖို့အတွက် တပ်မတော် ရဟတ်ယာဉ်တွေ ကိုလည်း စီစဉ်ထားပါတယ်။

ရွန်နူ ခေါ် ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွေကို ဝင်ရောက်လာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မြေပြိုတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရရဲ့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။