ရိုဟင်ဂျာအရေး နောက်ကွယ်မှာ ကြိုးကိုင်လှုံ့ဆော်နေသူတွေရှိ

ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာလူမျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တယ်လို့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရခိုင်စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာနဲ့ ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ မေးမြန်းချက်အပေါ် ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြောကြားတာဖြစ်ပါတယ်။

"ရိုဟင်ဂျာဆိုတဲ့စကားလုံး ခိုင်ခိုင်မာမာတရားဝင်အနေနဲ့ မြန်မာနိုင်ငံမှာမရှိဘူး၊ ဒါပေမယ့် လက်တွေ့မှာပြဿနာက ဘာလဲဆိုတော့ အခုဟာကြီးက ဒီနေရာမှာက ဒီကိစ္စကြီးက လှုပ်ရှားမှုကြီးတစ်ခုအနေနဲ့ လူတွေကပါဝင်လာကြတယ်၊ ရန်ကုန်မှာရှိနေတဲ့ ဒီအသိုင်းအဝိုင်းကလူတွေ၊ လန်ဒန်မှာရှိနေတဲ့လူတွေ၊ နယူးယောက်မှာရှိတဲ့လူတွေ ဒါတွေအားလုံးဟာ ဒီရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေကို ရိုဟင်ဂျာမပြောရင် မလုပ်နဲ့ဆိုတဲ့အခါမှာ သူတို့ကသွေးထိုးပေးနေကြတာ"

ရခိုင်စုံစမ်းရေး အစီအရင်ခံစာ ရေးသားဖို့အတွက် ကွင်းဆင်းပြီးအချက်အလက် ကောက်ယူတဲ့နေရာမှာ ဘာသာစကားအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို ဒေသခံအချို့ရဲ့ ချဲ့ကားပြောဆိုမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံအလံကို အလေးမပြုကြဘူးလို့လည်း သူကပြောပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်အချို့ရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့တဲ့နေရာမှာ မဖြစ်နိုင်တဲ့ကတိတွေကို ပေးခဲ့တဲ့အတွက် အခုလိုရိုဟင်ဂျာလူမျိုး ပြဿနာဟာ ပိုမိုရှုတ်ထွေးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် ကိုးကားပြီး သူကပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို လူဦးရေစာရင်း ကောက်ယူတဲ့နေရာမှာ ရိုဟင်ဂျာလူမျိုးအဖြစ် ထည်သွင်းဖေါ်ပြဖို့ တောင်းဆိုချက်တွေကြောင့် စာရင်းကောက်ယူတာတွေ ရပ်ဆိုင်းလိုက်ရသလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားအောင် လှုံ့ဆောင်ခဲ့တဲ့လူအချို့ကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။