ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် လက်မခံ

မြန်မာဘက်က ခိုလှုံလာသူ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးတောင်းဆိုနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မနေ့က လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။

မနေ့က ဘင်္ဂါလီဒုက္ခသည် (၇၀၀) လောက်ပါတဲ့ လှေ (၁၇) စင်းလောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အဝင်မခံဘဲ ပြန်မောင်းထုတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက လွှတ်တော်မှာပြောဆိုရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာဆိုင်ရာ ဘာသဘောတူညီချက်ကိုမှ လက်မှတ်မရေးထိုးခဲ့တဲ့အတွက် မြန်မာနိုင်ငံကထွက်လာတဲ့ ဒုက္ခသည်တွေကိုလက်ခံဖို့ တာဝန်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတချို့၊ ရင်းနှီးတဲ့နိုင်ငံတချို့က တောင်းဆိုတဲ့အတွက် ဒုက္ခသည်တချို့ကို ဝင်ခွင့်ပြုခဲ့ကြောင်း၊ တကယ်တော့ မိမိတို့အပေါ် ဒီလိုတောင်းဆိုဖို့ မသင့်ဘူးဆိုတာ ပြောလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည် (၃) သိန်းလောက် လက်ခံထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဂျမတ် အီ အစ္စလာမ်ပါတီက လှှုံ့ဆော်ခဲ့တယ်လို့ မြန်မာအစိုးရက စွပ်စွဲထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောဆိုခဲ့ကြောင်း အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။