မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။
ရိုဟင်ဂျာ အစ္စလာမ်တွေအတွက် လူသားချင်း စာနာတဲ့ အခြေခံ လိုအပ်ချက်တွေ ထောက်ပံ့ ကူညီနိုင်အောင် အဖွဲ့ကြီးတစ်ခု ဖွဲ့စည်းဖို့ စည်းဝေးပွဲ ကျင်းပတာ ဖြစ်ကြောင်း မလေးရှား နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
စည်းဝေးပွဲ ကျင်းပမယ့်နေရာကို မကြာခင် ဆုံးဖြတ်မှာဖြစ်ပြီး ဒေသတွင်းက အစိုးရမဟုတ်တဲ့ အစ္စလာမ် အဖွဲ့အစည်းတွေ တက်ရောက်ကြဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ကြားသိနေရတဲ့အတွက် အစိုးရအနေနဲ့ လူသားချင်း စာနာမှု ကူညီရေးအဖွဲ့တွေကို ဝင်ခွင့် ပေးသင့်ကြောင်း သတင်းဌာန တစ်ခုနဲ့ မေးမြန်းခန်း တစ်ခုမှာ ပြောဆိုပါတယ်။
ထိခိုက် သေဆုံးသူတွေနဲ့ နေရာပြောင်းရွှေ့ခံရသူ အရေအတွက်ကို မေးမြန်းရာမှာတော့ ဒေသတွင်းကို ဝင်ခွင့်မရတဲ့အတွက် အတိမကျ မသိရကြောင်း ပြောဆိုပါတယ်။