ရိုဟင်ဂျာ အရေး အာဆီယံမှာ ဆွေးနွေးမယ်

တနင်္လာနေ့မှာ စတင်ကျင်းပမယ့် အာဆီယံ - အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ကနေ အိမ်နီးချင်းနိုင်ငံတွေကို အလုံးအရင်း နဲ့ သွားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စလည်း ဆွေးနွေးမယ်လို့ ပြော ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဒီ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ကိစ္စ စိုးရိမ်မကင်းဖြစ် ရတဲ့အကြောင်း အာဆီယံက မြန်မာနိုင်ငံကို ပြောကြားထားတယ်လို့လည်း ပြောပါတယ်။

ဒါဟာ မြန်မာ့ပြည်တွင်းရေးဖြစ်ပေမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားထိ ပျံံ့နှံ့သွားတာမို့ မြန်မာတနိုင်ငံတည်းရဲ့အရေးကိစ္စ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာပြဿနာဖြစ်မလာအောင် အကောင်းဆုံးအဖြေရှာဖို့ မြန်မာနိုင်ငံကို မေတ္တာရပ်ခံထားတယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတာနဲ့ အချုပ်အချာအာဏာကို လေးစားလိုက်နာ တာကို အာဆီယံက ကြိုဆိုပါတယ်လို့လည်း ပြောကြား ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် ညီလာခံမှာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ တရုတ်နိုင်ငံက ကျင့်ဝတ်နဲ့ အညီကျင့်သုံးဖို့ ပြောကြားထားတဲ့ အစီအစဉ်ကို အရှိန်မြှင့်နိုင်အောင်ကြိုးပမ်းမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က မနေ့က ပြောကြားလိုက်ပါတယ်။