မြန်မာပြည်က လူ့အခွင့်အရေး ဂျနီဗာမှာ ဆွေးနွေး


2015.03.19
yanghee-lee-305.jpg စစ်တွေမြို့နားက ဒုက္ခသည်စခန်းကို ဇန်နဝါရီလ ၁ဝ ရက်နေ့က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ Mrs. Yanghee Lee က မြန်မာအစိုးရအနေနဲ့ သူမကို ထပ်မံလာရောက်ဖို့ ဖိတ်ကြားပြီး လုံခြုံရေးအတွက်လည်း တာဝန်ယူ လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာဘုန်းတော်ကြီး ဝီရသူက သူမကို ရန်ပြုဖို့ခြိမ်းခြောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလကိုယ်စားလှယ် ယန်ဟီးလီက အခုလိုဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်ရေးကောင်စီညီလာခံကို သူမ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ တခြားလူ့အခွင့်အရေး အခြေအနေတွေနဲ့အတူ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအတွက် အကူအညီတွေ အရေးတကြီးလို အပ်နေကြောင်း ဖေါ်ပြထားပါတယ်။

အဲ့ဒီ ညီလာခံရက်ပိုင်းအတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ယန်ဟီးလီနဲ့ အတူ လန်ဒန်အခြစိုက် မြန်မာရိုဟင်ဂျာ အစည်းအရုံးဥက္ကဌ ဦးထွန်းခင်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။  ဦးထွန်းခင်က အဲ့ဒီဆွေးနွေးပွဲမှာ မူစလင်ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အသေးစိပ် တင်ပြခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"နိုင်ငံသား၊ တိုင်းရင်းသားအဖြစ် ကျနော်တို့လက်မခံအပြင် ကျနော်တို့ကို နိုင်ငံပြင်ပကို မောင်းထုတ်နေ တဲ့ နောက်ဆုံးအခြေအနေကို ကျနော်တို့ရောက်နေတယ်၊ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်မှုကိုခံနေရတဲ့အတွက် မြန်မာအစိုးရကို ဖိအားပေးပြီးတော့ ကျနော်တို့ရဲ့ ရပိုင်ခွင့်အခွင့် အရေးတွေကို ပြန်ပေးဖို့ကျနော်တို့က ပြောပြတာပါ"

ဒ့ါအပြင် ရိုဟင်ဂျာတွေ လူ့အခွင့်အရေးဆုံးရှုံးနေမှုကို စုံစမ်းရေးအတွက် ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ် ကို ကော်မရှင်တစ်ခု စေလွှတ်ဖို့လည်း ဦးထွန်းခင်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာအစိုးရအနေနဲ့ ရိုင်ဟင်ဂျာတွေကို တိုက်ဖျက်မှုနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် လုပ်ထား တဲ့နေရာမှာ ယုံကြည်စရာ ဘာတစ်မှမရှိဘူးဆိုတဲ့ဟာ ကျနော်တို့ ထောက်ပြတယ်၊ အဲ့ဒီ အတွက်ကြောင့် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု အမြန်ဆုံးဖွဲ့ပြီးတော့ ရိုဟင်ဂျာတွေရှိနေတဲ့ ရခိုင်ပြည်နယ်ကိုသွားပြီး စုံစမ်းစစ်ဆေးဖို့ ကျနော်အနေနဲ့ တောင်းဆိုတာပါ"

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ထုတ်ပြန်ချက်အရ အထူးကိုယ်စားလှယ် Mrs. Yanghee Lee ကို သင်ခန်းစာပေး တဲ့အနေနဲ့ ရန်ပြုတိုက်ခိုက်ဖို့ အရှင်ဝီရသူက  ဒီရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်စာမျက်နှာကနေ နှိုးဆော်စကား မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က နိုင်ငံတကာ ကိုယ်စားလှယ်တစ်ဦးကို အရှင်ဝီရသူ အနေနဲ့ အခုလို မိန့်ကြားပြောဆိုဖို့ မသင့်ကြောင်းနဲ့ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုကို အရေးယူဖို့ မြန်မာအစိုးရမှာ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားလိုက်ပါတယ်။

ညီလာခံတက်နေတဲ့ Burma Partnership အဖွဲ့တည်ထောင်သူတဦးဖြစ်တဲ့ မခင်ဥမ္မာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။