ရိုဟင်ဂျာလူမျိုးဆိုတာရှိကြောင်း ပါတီခေါင်းဆောင်တစ်ဦးပြော

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင်တည်ရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲအတွင်း ဘူးသီးတောင်နဲ့ မောင်တော အပါအဝင် ရခိုင်ပြည်နယ် ဒေသတချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီက ရန်ကုန်မြို့မှာ မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့ မှာ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုတာကို သမိုင်းအထောက်အထားအရ မိမိတို့ ပြောဆိုတာဖြစ်တယ်လို့ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်ဖြစ်သူ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံဦးသာအေးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေးပိဋိပက္ခကြောင့် အခုလ ၂၁ ရက်ကနေ ဒီနေ့အထိ ရိုဟင်ဂျာလူမျိုး သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီရှိ ခဲ့ကြောင်း၊ မူဆလင် ကျေးရွာ ၁၂ ရွာက အိမ်ခြေပေါင်း ၂၇၀၀ လောက် မီးရှိူ့ဖျက်စီးခံခဲ့ရကြောင်း ဦးသာအေးက ပြောပါတယ်။ ဒါ့ပြင် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ က ဥပဒေမဲ့လုပ်ဆောင်တာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

ဒီ သတင်းစာရှင်းပွဲမှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ လူမျိုးစုနှစ်စုအကြား သတင်းတွေကို ဖော်ပြရာမှာ နှစ်ဖက်စလုံးကို မေးမြန်းပြီးမှ မျှမျှတတ ဖော်ပြပေးစေလိုတယ်လို့လည်း အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။