ရိုဟင်ဂျာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု ထပ်မံပေါ်ထွက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ အမေရိကန် အမျိုးသမီးဓါတ်ပုံ သတင်းထောက် Allison Joyce က မြန်မာစစ်တပ်က မုဒိန်းကျင့်ခဲ့ပါတယ်လို့ ပြောဆိုကြတဲ့ အမျိုးသမီးများ နဲ့ တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံ IB Times သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်ကတော့ ငြင်းဆိုလိုက်ပါတယ်။

သတင်းထောက် Allison Joyc တွေ့ဆုံခဲ့တဲ့ အမျိုးသမီး ၅ ဦးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အမျိုးသမီးတွေဖြစ် ကြပြီး Nojiba ဆိုတဲ့အမျိုးသမီးပြောပြတာက မြန်မာစစ်တပ်က သူတို့ရွာကို ရောက်လာစဉ်ထွက်ပြေးပြီး ခြုံထဲမှာ ပုံးအောင်းနေစဉ် သူနဲ့အတူ အမျိုးသမီးငယ်တချို့ အဖမ်းခံရပြီး အမျိုးသမီးငယ်တွေကို စစ်သားတွေက အရင်ခေါ် သွားခဲ့ပြီး မုဒိန်းကျင့်ခဲ့သလိုပဲ သူ့ကိုလည်း စစ်သားသုံးယောက်က တရွတ်ဆွဲခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ၁၇ နှစ်သမီးအရွယ်ရှိ ဖါရီဇာ က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို မရောက်ခင် ဇန်နဝါရီ ၁၆ ရက်နေ့က စစ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ပြောပါတယ်။ အလားတူ ဘီကမ်၊ နူချဟန်နဲ့ ရစ်စမင် တို့ကလည်း အသီးသီးပြောပြပြီး ဓါတ်ပုံအရိုက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဒေသတွင်းဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူကိုယ်တိုင်လေးစားလိုက်နာခဲ့တဲ့လူ့အခွင့်အရေးကိစ္စတွေကို စစ်တပ်က ကျူးလွန်ခဲ့တာကို ထိမ်းသိမ်းနိုင်ခြင်း မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။