ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၃၃ ဦး ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံကိုသွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၃၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် Thairath အင်တာနက် သတင်းမှာ ဖော်ပြထားပါတယ်။

လှေစီးဒုက္ခသည် ၃၈ ဦးလိုက်ပါလာတဲ့ စက်လှေဟာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညက ဖူးခက်မြို့နယ် နယ်မြေအမှတ် (၄) လဝိုင်ကမ်းခြေ ကို ရောက်ရှိလာခဲ့ကြပြီး နောက်တနေ့ အနီးအနား ကျေးရွာက ရွာသားတွေက နယ်မြေစောင့် ရဲတပ်ဖွဲကို တိုင်ကြားခဲ့တဲ့အတွက် ဒုက္ခသည် ၃၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖူးခက်မြို့က မြန်မာနိုင်ငံသားတဦးက ပြောပြပါတယ်။

အခု ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်ကနေ လှေစီးပြီး ထွက်ခွာလာခဲ့တာ ၁လ ကြာပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ လှေပျက်လို့ အစာရေစာ ငတ်ပြတ်နေတဲ့အတွက် အစားအစာ ရှာဖွေဖို့ သူတို့ ကမ်းခြေကို တက်လာခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဒုက္ခသည်တွေကို ထိုင်း ရဲတပ်ဖွဲ့က အစားအစာတွေ ကူညီထောက်ပံ့ထားကြောင်းနဲ့ သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးအရေးယူထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်တုန်းကလည်း ထိုင်းပင်လယ်ပြင်အတွင်း ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၄၀၀ ကျော်ကို ဆေးဝါးနှင့် အစားအစာတွေ ဖြည့်ဆည်းပေးပြီး ဇန်နဝါရီလ ၂၇ ရက် နေ့က အင်ဒိုနီးရှားနဲ့ ထိုင်းရေပိုင်နက်တွေထဲ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းအရာရှိတဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။