ကော့သောင်းမြို့ကို ရောက်သွားကြတဲ့ ရိုဟင်ဂျာ တွေဟာ သက်သေခံအထောက်အထား လက်မှတ်တစ်စုံတစ်ရာ မရှိကြတဲ့အတွက် နေရင်းဌာနေ ကို ပြန်မပို့ သေးဘဲ လ၀က ဥပဒေနဲ့ အရေးယူဖို့ တင်ပြထားတာဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိက ပြောပါတယ်။
လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံးဒဏ်ငွေ ၅၀၀ ကျပ်နဲ့ အမြင့်ဆုံး ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်တွေ ကျခံရမှာဖြစ်တယ်လို့ လ၀က အရာရှိက ပြောပါတယ်။
အရေးယူခံရမယ့် ရိုဟင်ဂျာ တွေဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ရခိုင်ပြည်နယ်က ထွက်လာခဲ့ရာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ည ၁၀ နာရီခန့်မှာ ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက်ကို ဆိုက်ရောက်လာခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိက အခုလို ဆက်ပြောပါတယ်။
" သူတို့က ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းကပေါ့၊ သဲချောင်းကလာပြီးတော့ သူတို့က အဲဒီမှာ ပိုက်ဆံတွေ ပေးပြီးတော့ ထိုင်းကိုလာတာ၊ ကော့သောင်းကိုရောက်တော့ စက်လှေသမားက ထိုင်းနိုင်ငံကို ရောက်ပြီဆိုပြီးတော့ ချပေးခဲ့တာ။ အသက် ၁၈ နှစ်အထက် ကျား ၃၁ ယောက်၊ မ ၅ ယောက် ပေါင်း ၃၆ ယောက်။ ၁၈ နှစ်အောက်ကတော့ ကျား ၄၀၊ မ ၉ ပေါင်း ၄၉ ပေါ့"
လောလောဆယ် သူတို့ကို ကော့သောင်းမြို့က ဆေးရုံဟောင်းမှာ နေရာချပေးထားပြီး မြို့နယ်အုပ်ချူပ်ရေး အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ကြည့်ရှု့စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။