တရားစီရင်ရေးမှာ အဂတိတရားကင်းရှင်းပြီး ဥပဒေပြဌာန်းချက်အတိုင်း ဆုံးဖြတ်ကြဖို့နဲ့ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်မစွက်ဖက်ဖို့စတဲ့ အချက်တွေပါဝင်တဲ့ အစီရင်ခံစာတစ်စောင်ကို တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကနေ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
အစီရင်ခံစာပါ အချက်တွေဟာ ကော်မတီရဲ့ တွေ့ရှိမှုတွေအပေါ်မှာ တင်ပြထားတာလို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၊ ပုသိမ်ြမို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ အဲဒီတရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာမှာ ဥပဒေရေးရာ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လယ်ယာမြေအရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီစစ်တွေ့ရှိချက်၂၁ ချက်၊ သုံးသပ်ချက် ၇ချက်နဲ့ ရှေ့လုပ်ငန်းစဉ် အကြံပြုချက် ၁ဝ ချက်တို့ ပါဝင်ပါတယ်။
ဒီကော်မတီကို ပြည်သူ့လွှတ်တော်က ၂ဝ၁၂ခုနှစ်သြဂုတ်လ ၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
