တရားဥပဒေ စိုးမိုးရေး နှီးနှောဖလှယ်ပွဲ ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ကျင်းပ

ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရတို့ ပူးတွဲပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့်ချက်များနဲ့ အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ဒီကနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် တို့ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

စည်းဝေးပွဲ တက်ရောက်လာတဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်နဲ့ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် တို့ကလည်း အမှာစကားအသီးသီး ပြောကြားခဲ့ကြပါတယ်။

အဲဒီ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို သမ္မတ အကြံပေးပုဂ္ဂိုလ် ဦးစစ်အေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ဦးကျော်ထွန်း၊ နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။