လာဘ်ပေးလာဘ်ယူမှု ပြည်သူ့လွှတ်တော်တင်ပြ အရေးယူမည်

တရားရုံးတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ ဆက်လက် ဖြစ်ပေါ်နေပါက ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပြီး သက်ဆိုင်ရာ တရားရုံးတွေကို အရေးယူ အပြစ်ပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကော်မတီဝင် တစ်ဦးဖြစ်တဲ့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

"ဒီမှာ လာဘ်ပေး လာဘ်ယူကို တရားခွင်စာရင်းကအစ မတရားဖြစ်တာတွေကို ဥပဒေနဲ့အညီ လာဘ်မယူဖို့ နိုးဆော်တယ်၊ တိုက်တွန်းတယ်၊ ထိန်းညှိကူညီမယ်။ အဲဒီဟာကို ရှေ့ဆက်လုပ်ရင်တော့ ဒီကနေ့ကစပြီးတော့ပေ့ါဗျာ။ အရေးယူဆောင်ရွက်ဖို့ ရှိပါက ကျွန်တော်တို့ တာဝန်ပေးတဲ့အတိုင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မှတဆင့် လွှတ်တော်ကို တင်ပြမယ်။ ဒါကတစ်ပိုင်း။ တစ်ပိုင်းကလည်း တရားဥပဒေနဲ့အညီလုပ်ရင် ရုံးနဲ့ပတ်သက်ပြီး ကူညီနိုင်သမျှ ကျွန်တော်တို့ ကူညီမယ်။ ဥပမာ ဘတ်ဂျက်ကိစ္စကအစ အပါအဝင်"

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်တွေဟာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို သွားရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ မီဒီယာတွေကို ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့အဖွဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးကို ဒီကနေ့ သွားရောက်လေ့လာစဉ်အတွင်း ဒေသတွင်းက တရားရေးနဲ့ ပတ်သက်လို့ အဂတိ လိုက်စားမှုခံနေရတဲ့ ပြည်သူတွေက တရားရုံးကို လာရောက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့နဲ့ တွေ့ဆုံခဲ့ကာ အဂတိလိုက်စားမှုနဲ့ မိမိတို့ မတရားခံရတဲ့ အဖြစ်အပျက်တွေကို အချက်အလက်တွေနဲ့တကွ တိုင်ကြားခဲ့ကြတယ်လို့လည်း သိရပါတယ်။