ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကျင်းပမည်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်း၊ တက္ကသီလာ ဇေယျသိဒ္ဒိကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီကနေ့မနက်မှာတော့ သံဃာတော်တွေချည်း သီးခြားဆွေးနွေးပွဲ တစ်ခုပြုလုပ်ပြီး ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားမှာ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ပတ္တိနကုစ္စရ ကံဆောင်ခဲ့တာဟာ စစ်အစိုးရကို ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ကံပြန်ဖြေဖို့ တိုင်ပင် ညှိနှိုင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သူ သံဃာတစ်ပါးဖြစ်တဲ့ ဦးပဏ္ဍဝံဿက RFA ကိုမိန့်ကြားပါတယ်။

မနက်ဖြန် ကျင်းပမယ့် အခမ်းအနားကို ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုအားလုံး လွတ်လပ်စွာ ပြန်လာခွင့်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းမှာလို့ သိရပါတယ်။

အခမ်းအနားကျင်းပဖို့ တောင်ဥက္ကလာရှိ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ စီစဉ်ထားပေမယ့် ပြုလုပ်ခွင့်မရတဲ့အတွက် မြောက်ဒဂုံမှာကျင်းပဖို့ ပြောင်းလဲ စီစဉ်ခဲ့ရကြောင်း သိရပါတယ်။

ရွှေဝါရောင် တော်လှန်ရေး (၅) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ မန္တလေးမြို့မှာ သံဃာတော်တွေ မနေ့က စုဝေးတိုင်ပင်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော် ဦးသောဘိတကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထားမေးမြန်း တင်ပြထားပါတယ်။

0:00 / 0:00