စစ်အစိုးရဟာ သံဃာထုအပေါ် ဖိနှိပ်မှု၊ အနီးကပ် စောင့်ကြည့် နှောင့်ယှက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပဲလို့ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိက RFA ကို မိန့်ကြားပါတယ်။
"ဦးဇင်းတို့ဘက်က နားလည်ခွင့်လွှတ် ဖြေသိမ့်ပေးဖို့အတွက် နဂိုရ်ကတည်းက ဝန်ချတောင်းပန်ခိုင်းထားတာ။ ဝန်ချတောင်းပန်ရင် ဦးဇင်းတို့က ခွင့်လွှတ်မယ်၊ ဦးဇင်းတို့ သပိတ်မှောက်ထားတဲ့ ပတ္တနိက္ကုဇ္ဇန ကံကိုလည်း သပိတ် ပြန်လှန်ပေးမယ်လို့ ဦးဇင်းတို့ ပြောခဲ့တယ်လေ။ သူတို့ဘက်က ဒီနေ့ဒီအချိန်ထိ ခွင့်လွှတ်ဖို့အတွက် တောင်းပန်ခြင်းဆိုတာ ဘာတခုမှ မရှိခဲ့ဘူး။ အဲဒီတော့ ဦဇင်းတို့က ပတ္တနိက္ကုဇ္ဇနကံကို ဆက်လက် ဆောင်ကြဖို့ပဲ ရှိပါတယ်"
သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ တော်လှန်ရေးကြီးကို အဓိက ဦးဆောင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ကြဖို့ ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ထားပါတယ်။
ပြည်ပအခြေစိုက် သာသာနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရဆရာတော် တပါးဖြစ်တဲ့ ဦးဇဝန ကလည်း စစ်အစိုးရက သံဃာထုအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ စည်းရုံးသွေးဆောင်မှုတွေ ရှိပေမယ့် ပြည်တွင်းပြည်ပ သံဃာတွေအနေနဲ့ တညီတညွတ်တည်း ဆက်လက် ကံဆောင် သပိတ်မှောက်ကြဖို့ တိုက်တွန်းမိန့်ကြားပါတယ်။
"ဒီနေ့ဒီကာလမှာ သံဃာတော်တွေဘက်က လွန်ခဲ့တဲ့ ၃ နှစ်က ရပ်တည်ချက်ဟာ မှန်ကန်နေတုန်းပဲပေါ့။ ဒါကြောင့်မို့ မိမိတို့ ရပ်တည်ချက်ကို မပြောင်းလဲဘဲ စစ်အစိုးရရဲ့ လိမ်လည် လှည့်ဖျားမှုတွေနဲ့ သွေးဆောင်တာတွေကို မတိမ်းညွတ်သွားဘဲနဲ့ သံဃာတော်တွေရဲ့ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ ပြည်တွင်းပြည်ပ သံဃာတွေကို ဦးဇင်း တိုက်တွန်းချင်ပါတယ်"
ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် ကာလမှာ ပြည်တွင်းမှာရှိတဲ့ သံဃာတော်တွေအပေါ် စစ်အစိုးရရဲ့ ဖိနှိပ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဦးဓမ္မသီရိ ကို RFA က ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00
