ရွှေတူးတဲ့ ကုမ္ပဏီ ၃ ခု လုပ်ငန်း ရပ်ဆိုင်းဖို့ စစ်ကိုင်းတိုင်း ဝန်ကြီး ချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဇင်းသစ်တောကြိုးဝိုင်းအတွင်းမှာ အလွန်အကျွံရွှေတူးဖော်နေတဲ့ ကုမ္ပဏီ ၃ ခု ကို တူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။

အစိုးရက ခွင့်မပြုထားတဲ့ ဓာတုပစ္စည်းတွေသုံးပြီး ရွှေကျင်တာတွေ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ရွှေ တူးဖော်မှုတွေ လုပ်နေတဲ့အတွက် ဝန်ကြီးချုပ် က လုပ်ငန်းတွေကို ရပ်ဆိုင်းထားခိုင်းတာဖြစ်တယ်လို့ ရွှေလုပ် ကွက်တွေကို သွားရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုး ချစ်က ပြောပါတယ်။

"တူးဖော်နေတာတွေကလည်း စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတာရှိတယ်၊ ပြီးတော့ နိုင်ငံတော်က အသုံးပြုခွင့်မပေးတဲ့ ဓာတုပစ္စည်းတွေနဲ့လည်း အသုံးချ တာတွေရှိပါတယ်၊ လုပ်နေတာတွေက ဥပဒေနဲ့မညီညွတ်ဘူး၊ တွေ့လည်းတွေ့နေရတယ်၊ မြင်လည်းမြင်နေရတဲ့အတွက် ရပ်တန့်ထားပေးပါ၊ တစ်ကယ်ကြီးပြန် စစ်လိုက်လို့ ကိုက်ညီတယ်ဆိုရင်တော့ ပြန်လုပ်ခွင့်ပေးမယ်လို့ပြောပါတယ်"

ရွှေတူးဖော်တဲ့ကုမ္ပဏီတွေဟာ စည်းကမ်းဖောက်ဖျက်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက် ရရှိတာကြောင့် ဝန်ကြီးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ဘလူမြို့နယ် အတွင်း ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး လိုက်လံစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ် ဇင်းသစ်တောကြိုးဝိုင်းအတွင်းမှာ ရွှေပြည်သိန်း၊ ရွှေမာတာကုမ္ပဏီနဲ့ ထာဝရ ကုမ္ပဏီတွေက လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေနေရာ ထက် ကျော်လွန်လုပ်ကိုင်နေပြီး မြေအောက် လိုဏ်ခေါင်းတွေ တူးဖော်တဲ့အထိလုပ်ကိုင်နေတာကို တေ့ွရှိခဲ့ရတယ်လို့ ဒေါ်ခင်မျိုးချစ်က ပြောပါတယ်။

အဲဒီကုမ္ပဏီတွေ ရွှေတူးဖော်တဲ့နေရာဟာ ဧရာဝတီမြစ်နဲ့ ၅ မိုင်ခန့်ကွာဝေးပြီး ရွှေတူးဖော်နေတာ ၃ နှစ်ခန့်ရှိနေ ပြီ ဖြစ်ပါတယ်။