စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခုလ ၁၁ ရက်နေ့ ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက်ကို အရေးကြီးကာလအဖြစ် ကြေညာထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကြေညာ လိုက်ပါတယ်။

နယ်စပ်လမ်းကြောင်းတွေကနေ အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် အရေး ကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးအင်အားတိုးမြှင့် ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှုးကြီး တင့်လွင်က ပြောပါတယ်။

"သတ်မှတ်ထားတဲ့ အကြောင်းအရာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြအနေတွေ ရယ် နောက်ပြီးတော့အကြမ်းဖက်သမားတွေ ကျနော်တို့ နယ်စပ်လမ်းကြောင်းတွေက ဝင်ရောက်လာနိုင် တယ်၊ အဓိကကတော့ အဲ့ဒါပါပဲ၊ ခရိုင်မြို့နယ်တွေမှာတော့ ကျနော်တို့ရဲအင်အားတွေအသင့်ပေါ့၊ စုဖွဲ့ထားဖို့လုပ်ထားပြီးပြီ၊ ကျန်တာကတော့ အင်အားကတော့ဒီတိုင်းပါပဲ၊ ပိုမိုပြီးတော့လှည့် ကင်းတွေဆောင်ရွက်တယ်၊ နောက်တခါ ရှောင်တခင် ပိတ်ဆို့ရှာဖွေတာတွေလုပ်တယ်၊ ကျန်တဲ့ ဝင်ပေါက်တွေမှာတော့ နဂိုကထက် ရှာဖွေမှု၊ စစ်ဆေးမှုတွေ ဆောင်ရွက်ပါတယ်"

အဲဒီကြေညာချက်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ၊ တက္ကသိုလ်စာမေးပွဲတွေ အေးချမ်းစွာ ဖြေဆိုနိုင်ဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထုတ်ပြန်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီကာလအတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ဆင့်မှာ ကွပ်ကဲရေးရုံးတွေ ဖွင့်လှစ်ပြီး အုပ်ချုပ်ရေးမှူးတွေ နဲ့ ထွေအုပ်ဝန်ထမ်းတွေအားလုံး လုံခြုံရေးတာဝန်ယူ ရမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး တင့်လွင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်း ထားပါတယ်။