စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကျေးရွာ ၆ ရွာမှာ စက်မှုဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော်ကို ပြန်ပေးဖို့ အတွက် လယ်သမား ၂၀၀ လောက်က စစ်ကိုင်း မြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ပြန်မပေးနိုင်တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့ မိမိ တို့ တောင်းဆိုခဲ့ကြတယ်လို့ ပဲကတိုးရွာက တောင် သူ ဒေါ်ဝင်းမာက ပြောပါတယ်။
"သိမ်းဆည်းမြေတွေလည်း ထုံးစံအတိုင်း လျော်ကြေးပေးဖို့၊ ပြန်အပ်တယ်ဆို တဲ့ မြေကိုလည်း ကျမတို့လက်ဝယ် အမြန်ပေးအပ်ဖို့ပါ၊ သူတို့ကပေးမယ်သာပြောနေတာ အခုအထိလည်း မရလာလို့ ကျမတို့က ဆန္ဒပြတောင်းဆိုရတာ၊ ဒီမြေ ယာကို ဧက ၉၀ ရဲကနေထပ်ပြီးတော့ ကျမတို့ကို မကျေနပ်ပဲနဲ့ အဆောက်အဦးဝင်ဆောက်နေလို့ ဆန္ဒပြရတာပါ"
သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက ၄၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည်ပေးအပ်သွားမယ်လို့ ပြည်သူ့လွှတ်တော်မှာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပေမဲ့ အခုချိန်ထိ ပြန်မပေးသေးဘူးလို့ တောင်သူတွေနဲ့အတူ ပါဝင်ဆန္ဒပြခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် ပဲကတိုး၊ ကုန်းရွာ၊ ကျောက်ဆည်၊ မြင်းမွှေး၊ ညောင်ပင်စဉ်နဲ့ အောင်ချမ်းသာ စတဲ့ကျေးရွာ ၆ ရွာက အဲဒီ လယ်ယာမြေဧက တစ်ထောင်ကျော်ကို စက်မှုဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ သိမ်းဆည်း ခဲ့တာဖြစ်ပါတယ်။
အဲဒီလယ်ယာမြေတွေမှာ အထည်ချုပ်စက်ရုံ၊ ဂျုံစက်ရုံနဲ့ အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲရုံးကို တည်ဆောက်ထားပြီး ရဲသိပ္ပံကျောင်းတစ်ကျောင်းကိုလည်း လက်ရှိဆောက်လုပ်နေပါတယ်။
