လက်ပံတောင်းတောင်ဒေသခံ ၅၀ ကျော်နဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့ဟာ တုံရွာဒေသခံ ဦးစိုးဝင်းအိမ်မှာ ဒေသခံတွေနဲ့ အလွတ်သဘော ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
ဒေသခံတွေက မုံရွာခရိုင် ဆားလင်းကြီးမြို့အတွင်းမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကွန်ရက်အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်တွေ ပြန်ရုပ်သိမ်းပေးရေးစတဲ့အချက်တွေကို ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရုပ်သိမ်းပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေကို ဒီရက်ပိုင်းအတွင်း ရပ်ဆိုင်းထားပြီး စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီးရဲ့ အကြောင်းပြန်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားသွားမယ်လို့ သိရပါတယ်။