လုပ်ငန်းနှောင့်ယှက်လို့ အလုပ်ဖြုတ်ရတာဖြစ်ကြောင်း စံကောင်းစက်ရုံ တာဝန်ရှိသူပြော


2013.05.31
san-kaung-305.jpg လှိုင်သာယာမြို့နယ် စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားများ ဧပြီလ ၁၅ ရက်နေ့က စက်ရုံရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြစဉ်
Photo: RFA/ Ei Ei Khaing

အစာငတ်ခံ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အတွင်းက စံကောင်း ပီနံအိတ် စက်ရုံမှာ ဝန်ထမ်း ၄ဝ ကျော် ကို အလုပ်ဖြုတ်ခဲ့တာဟာ စက်ရုံလုပ်ငန်းခွင်ရပ်ဆိုင်းအောင် အနှောင့်အယှက်ပြုခဲ့တဲ့အတွက်ကြောင့်သာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စံကောင်း ဂုန်နီအိတ်စက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်အတွင်းက Royal Garden စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး  ပြောကြားခဲ့တာဖြစ်ပါတယ်။

စံကောင်းစက်ရုံမှာ လုပ်သက်ရင့်ဝန်ထမ်းတွေက လုပ်သက်နုဝန်ထမ်းတွေကို အဆင့်လိုက်အုပ်ချုပ်တဲ့စနစ် ကျင့်သုံးနေတာဖြစ်တဲ့အပြင် နိုင်ငံတော်က ပြဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့ အုပ်ချုပ်နေတာဖြစ်ကြောင်း အဲဒီစက်ရုံရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်မြင့်က ပြောပါတယ်။

တစ်လလုံးရုံးတက်တဲ့ဝန်ထမ်းက လစာရဲ့ ၁ဝ ရာခိုင်နှုန်း ဆုကြေးပေးတယ်၊ တစ်နှစ်လုံးရက်မပျက်တဲ့ဝန်ထမ်းဆိုရင သူ့ဝင်ငွေစုစုပေါင်းရဲ့နှစ်ဆ ဆုချီးမြှင့်ပါတယ်၊ အချိန်ပို ဥပဒေနဲ့အညီ် အတိအကျတွက်ပေးတာပါ၊ ရာထူးတိုးဖို့သတ်မှတ်ချက်တွေဟာ သူတို့တကယ်ကျွမ်းကျင်လားဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ထောက်ခံချက်ယူရတယ်၊ ဒီကနေ့ ဆန္ဒပြတောင်းဆိုနေတဲ့ လူတွေကိုကြည့်ရင် အပေါ်ပိုင်းအတွေ့အကြုံရှိတဲ့လူတွေရဲ့ ကြီးကြပ်ခြင်းကို မခံယူချင်ဘူးဗျာ၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်နဲ့ ကြီးကြပ်တဲ့လူတွေရဲ့နေရာကို ရောက်ချင်တယ်ဗျာ၊ ဆန္ဒပြတယ်ဆိုတာ သူတို့လိုအပ်ချက်ကို တောင်းဆိုခြင်းဖြစ်ပါတယ်၊ ဒါကိုကျနော်တို့ဘက်က ဘာမှကန့်ကွက်စရာမရှိပါဘူး”

အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူခံမယ်လို့ စံကောင်း ပီနံအိတ်စက်ရုံ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၇ ယောက်ကို အလုပ်ထုတ်လိုက်ပြီးနောက်ပိုင်း အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး၊ အားအင်ပြတ်လပ်ပြီး မူးလဲသွားတဲ့ အလုပ်သမားလေးယောက်ကိုလည်း အင်းစိန် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။