ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် အဲ့ဒီစက်ရုံက အလုပ်သမားရာနဲ့ချီပြီး စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဒီကနေ့ဟာ ၄ ရက်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၅၀ နီးပါးကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အလုပ်သမားကိုယ်စားလှယ် မဥမ္မာဝင်းက RFA ကို ပြောပါတယ်။
“၄၉ ယောက်ကို အလုပ်ဖြုတ်တဲ့ကိစ္စရယ်၊ နောက် တစ်ချက်က နိုင်ငံတော်က ခွင့်ပြုထားတဲ့ သမဂ္ဂရှိရဲ့သားနဲ့ သမဂ္ဂကိုအသိအမှတ်မပြုပဲနဲ့ သူတို့လုပ်ချင်တိုင်းလုပ်နေတဲ့ပုံစံ အဲဒါသမဂ္ဂကို အသိအမှတ်ပြုဖို့၊ ကြီးကြပ်ရေးက အလုပ်သမားတွေကို မင်းကိုအလုပ်ဖြုတ်မယ်၊ မင်းအလုပ်ထွက်ရမယ်၊ မင်းကိုအလုပ်ဖြုတ်လိုက်လို့ ငါတို့လျော်ကြေးပေးမယ်၊ အဲလိုမျိုးမလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်၊ ဒီဝန်ထမ်းတွေ အကုန်လုံးကနေ စုပေါင်းတောင်းဆိုမှုဆိုတာ ဖြစ်လာတာပါ”
ပီနံအိတ် အလုပ်သမားတွေအနေနဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ဖို့အပြင်၊ အခြေခံလုပ်ခလစာ တိုးပေးရေး၊ လုပ်ငန်းနဲ့ လုပ်သားအင်အား မျှတစွာထားရှိပေးဖို့ စတဲ့အချက်တွေ အပါအဝင် ၄၃ ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာပါ။
တရုတ်လူမျိုးတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စံကောင်း ပီနံအိတ်စက်ရုံမှာ ပြီးခဲတဲ့ ဧပြီလ ၁၅ ရက်နေ့က အလားတူ ဆန္ဒပြခဲ့ကြရာမှာ စက်ရုံတွင်း ဆူပူအောင် လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက လှိုင်သာယာမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုံးခန်းမှာ သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြပေမယ့် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦး ပြန်လည်ခန့်ထားရေးကို အလုပ်ရှင်ဘက်က ငြင်းဆန်လိုက်တဲ့အတွက် ဒီပြဿနာကို မြို့နယ်ခုံသမာဓိရုံးမှာ ဆက်လက်ဖြေရှင်းဖို့ သဘောတူလိုက်ကြောင်းသိရပါတယ်။
စံကောင်း ပီနံအိတ်စက်ရုံ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် မအိအိခိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။