လက်ရှိဥပဒေအရ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဥပဒေအရ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းအားလုံးကို အမေရိကန် ပြည်ထောင်စု တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။
အမေရိကန်အမတ် Crowley ရဲ့ရုံးက မေလ ၂၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ Mr. Crowley က မြန်မာနိုင်ငံရဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို မြင်တွေ့နေရပေမယ့် ဆက်လက် လုပ်ဆောင်ဖို့ ကိစ္စတွေလည်း အများကြီး ကျန်ရှိနေပါသေးတယ်။
နိုင်ငံရေး အကျဉ်းသား အမြောက်အများ ထောင်ထဲမှာ ကျန်နေပါသေးတယ်။ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ အကြမ်းဖက်မှု ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေပြီး လိုအပ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အားလုံးကိုလည်း မဆောင်ရွက်နိုင်သေးပါဘူး။
အခုလို အရေးကြီးတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို အသိအမှတ်ပြုဖို့ လိုသလို မြန်မာအစိုးရအနေနဲ့ တိုးတက်ဆောင်ရွက်ဖို့ အများကြီး လိုအပ်နေသေးတယ်ဆိုတာ တရံမလပ် သတိပေးနေဖို့လည်း လိုပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ဥပဒေကို ဆက်လက်ထားရှိဖို့ အင်မတန် အရေးကြီးပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေကို အသိအမှတ်ပြု တုံ့ပြန်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းရမယ့် အချိန်ကာလတော့ မဟုတ်သေးပါဘူးလို့ အောက်လွှတ်တော်အမတ် Mr. Crowley ကပြောပါတယ်။
၂၀၀၃ ခုနှစ်က စတင် ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဥပဒေကို အမေရိကန်လွှတ်တော်က နှစ်စဉ်မဲပေးပြီး သက်တမ်းတိုးရပါတယ်။
မြန်မာပြည်က ကုန်ပစ္စည်းတင်သွင်းမှုကို ပိတ်ပင်ထားခြင်းအားဖြင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေလက်ထဲ ရောက်သွားမယ့် အမေရိကန် ဒေါ်လာ သန်းရာပေါင်းများစွာကို တားဆီးနိုင်ခဲ့ပါတယ်လို့ အမေရိကန်လွှတ်တော်အမတ် Joseph Crowley ကပြောပါတယ်။