ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ တိုင်ပင်ခဲ့


2013.04.25
dassk-japan-305 ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဧပြီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ သား မိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်
photo: Demo Wai Yan

ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မိမိနဲ့ တိုင်ပင်ရာမှာ ထောက်ခံပြောဆိုခဲ့ကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စအတွက် တိုင်ပင်ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဗြိတိသျှနိုင်ငံနဲ့ကော တစ်ခြားဥရောပနိုင်ငံတစ်ချို့နဲ့ကော အမနဲ့အမြဲ ဒီဟာကိုဆွေးနွေးပါတယ်၊ စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းသင့်ပြီ၊ တစ်ချို့ကကော စီးပွားရေးပိတ်ဆို့မှုမရှိရင် ဒီမိုကရေစီရရှိရေးအတွက် ဘာလက်နက်မှမရှိတော့ဘူးလို့ မြင်ကြတယ်၊ အမတော့ အဲလိုမမြင်ပါဘူး၊ တကယ်တော့ အဓိကလက်နက်က ပြည်သူတွေရဲ့ ဆန္ဒဖြစ်ရမယ်၊ ဒီမိုကရေစီကို ရယူလိုတဲ့ဆန္ဒနဲ့ဇွဲ၊ အဲတော့ ဒီဟာတွေကို ပိုပိုပြီးအားကောင်းအောင်လုပ်ဖို့က ဒီမိုကရေစီအတွက် လှုပ်ရှားသူတွေရဲ့ တာဝန်ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအနေနဲ့ ဘာကြောင့်ဒီလောက်တိုးတက်နေတယ် ထင်ပါသလဲလို့လည်း RFA က မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က

" နှစ်ခုပေါ့နော်၊ တစ်ခုက အင်မတန်မှ စည်းကမ်းရှိတယ်။နောက်တစ်ခုကတော့ အင်မတန်မှ အလုပ်ကြိုးစားတယ်၊ ဒီနှစ်ခုကြောင့် ဒုက္ခတွေအမျိုးမျိုးကို ကျော်လွှားနိုင်တယ်၊ နောက်ပြီးတော့ အခုလိုတိုးတက်နိုင်တယ်လို့ ဒီလိုပဲ အမတော့မြင်တယ်"

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဝေဖန်ရေးသမားနဲ့ ဆန့်ကျင်ရေးသမား၊ သစ္စာစောင့်သိမှုရဲ့ အရေးပါမှု စတာတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သဘောထားတွေကို ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။