ဆော်ဒီအာရေဗီးယားမှာ မြန်မာ အလုပ်သမား တချို့ ဒုက္ခရောက်နေ

ဆော်ဒီအာရေဗီးယား နိုင်ငံရောက် မြန်မာ အလုပ်သမား ၂၆ ဦးဟာ အလုပ်ပွဲစားရဲ့အလှည့်ခံရလို့ အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရတဲ့ အပြင် အလုပ်ရှင်က ပတ်စပို့နဲ့ နေထိုင်ခွင့် လက်မှတ် သိမ်းထားတာကြောင့် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။

သူတို့ဟာ Golden Arm Company ၊ အထွတ်အထိပ် နန်းတော် ကုမ္ပဏီ စတဲ့ အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက တစ်ဆင့် ဆော်ဒီအာရေဗီးယားကို ၂၀၁၀ ဒီဇင်ဘာမှာ ရောက်သွားခဲ့တာလို့ သူတို့နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီနောက် ၃ လလောက် အလုပ်မရသေးတဲ့ ကာလမှာ အရင်ရောက်နှင့် နေတဲ့ ရခိုင်ပြည်နယ်သား တချို့ရဲ့ အကူအညီနဲ့ နေထိုင် စားသောက်ရသလို အလုပ်ရတဲ့ အခါမှာလည်း သူတို့ကို ပို့ပေးတဲ့ ပွဲစား ကုမ္ပဏီတွေ ပြောထားတဲ့ လုပ်ခလစာ အတိုင်း မဟုတ်ဘဲ လုပ်ခ အတော်နည်းနည်းနဲ့ လုပ်ကြရတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခလစာနည်းလို့ သူတို့ မလုပ်နိုင်တဲ့ အကြောင်း ကုမ္ပဏီကို ပြောတဲ့အခါ အလုပ်ရှင်က ဆော်ဒီရဲဌာနကို အကြောင်းကြားပြီး ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။ အဲဒီနောက် ကုမ္ပဏီ ပိုင်ရှင်က သူတို့ကို အလုပ်သမား တန်းလျားကနေ နှင်ထုတ်လိုက်ပြီး သူတို့ရဲ့ မြန်မာနိုင်ငံ ပတ်စပို့တွေနဲ့ နေထိုင်ခွင့် လက်မှတ်တွေကိုတော့ သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာသံရုံးကို အကြောင်းကြားပြီး အကူအညီတောင်းတဲ့ အခါ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ကူညီနေတယ်လို့ ကြားသိရပေမယ့် အခုထိ ဘာမှ ထူးခြားမှု မရှိသေးဘဲ ဆော်ဒီအာရေးဗီးယားမှာပဲ သောင်တင်နေပါတယ်။ ဒီကြားထဲမှာ ဘာသာစကား အခက်အခဲ၊ တရားဝင် နေထိုင်ခွင့် လက်မှတ် မရှိတဲ့ အခက်အခဲတွေကြောင့် တခြား အလုပ် ရှာမရလို့ စားဝတ်နေရေး အဆင်မပြေတဲ့ အတွက် သူတို့ကို ကူညီမယ့် အဖွဲ့အစည်း ဒါမှမဟုတ် မြန်မာနိုင်ငံ ပြန်လို့ရမယ့် နည်းလမ်း ရှာနေတယ်လို့ သိရပါတယ်။