ဆောင်းဦးလှိုင်ရဲ့ အလှူပွဲ

တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲကရရှိတဲ့ အလှူငွေတွေကို ၈၈ မျိုးဆက် ကျောင်းသားများ လူမှုရေးလုပ်ငန်း ရန်ပုံငွေအဖွဲ့နဲ့ နာရေးကူညီမှုအသင်းကို လှူဒါန်းပွဲ ဒီကနေ့ နာရေး ကူညီမှုအသင်း (ရန်ကုန်)ရုံး ခန်းမမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တေးသံရှင် ဆောင်းဦးလှိုင်က “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲနေ့က ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာသူတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူ ကိုမင်းကိုနိုင်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ကိုကျော်သူ ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့ကလည်း အမှာစကား ပြောကြားကြတယ်လို့ သိရပါတယ်။ “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ အလှူငွေ ၁၂၆ သိန်း ရခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လူမှုရေး လုပ်ငန်းရန်ပုံငွေအဖွဲ့ကို ၄၂ သိန်းစီ လှူဒါန်းခဲ့ပါတယ်။ ကျန်တဲ့ ၄၂ သိန်းကို နောင်လူမှုရေးပွဲတွေအတွက် မ,တည်ငွေအဖြစ် သုံးစွဲသွားမယ်လို့ တေးသံရှင် ဆောင်းဦးလှိုင်က ပြောပါတယ်။