ဒီကျောင်း ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး မြို့နယ် စည်းရုံးရေး ဥက္ကဌ ဦးကျော်စိန်အောင် က အာအက်ဖ်အေကို အခုလို ပြောပါတယ်။ "မြို့နယ်မှာ ပညာရေး ကျန်းမာရေး လူမှုရေး အထောက်အကူပြု လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကိစ္စမှာ ပထမဦးဆုံး အနေနဲ့ကတော့ မရမ်းကျေးရွာမှာ ကျောင်းသား ၅ တန်း၊ ၆ တန်း၊ ၇ တန်း၊ ၈ တန်း ကလေး သုံးဆယ်ကို ပညာဒါန အခမဲ့ပေါ့။ အင်္ဂလိပ်စာ နဲ့ သင်္ချာ အဓိက ထားပြီး သင်ပေးမယ်။ ကျန်တဲ့ သူတို့ရဲ့ ပညာရေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အထောက်အကူပြု ကိစ္စတွေကိုလည်း ဆောင်ရွက်ပေးမယ်။ စာအုပ်စာတမ်း စာရေး ကိရိယာ ဘောပင်က အစ အကုန်လုံး အခမဲ့ ပံ့ပိုးကူညီ ထောက်ပံ့တယ်။ သင်ပေးတဲ့ ဆရာတွေကလည်း အခမဲ့ပဲ။" အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ဖို့ အတွက် တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မူး၊ ဆိပ်ကြီး ခနောင်တို စတဲ့မြို့နယ် ငါးမြို့နယ်က NLD စည်းအဖွဲ့ဝင်တွေက ဆွေးနွေး ဆုံးဖြတ်ကြပြီး NLD အဖွဲ့ဝင်တွေရဲ့ စုပေါင်း မတည်ငွေ အပြင် နီးစပ်ရာ အလှူရှင်တွေဆီက ငွေကြေး အကူအညီတွေနဲ့ စတင် အကောင်အထည် ဖော်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကျောင်းဆရာ ၃ ဦးက ပညာဒါန အနေနဲ့ အခမဲ့ တာဝန်ယူ သင်ကြား ပို့ချသွားမှာ ဖြစ်ပြီး ညနေပိုင်းတွေမှာ တနေ့ ၂ နာရီ ဘာသာရပ် အလိုက် အချိန်ခွဲ ပို့ချ သင်ကြားပေး သွားမယ်လို့ သိရပါတယ်။ အခုလို ကျောင်းသူ ကျောင်းသားတွေကို အခမဲ့ ပညာသင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ မြို့နယ်စည်းရုံးရေးဥက္ကဌ ဦးကျော်စိန်အောင် က အခုလို ပြောပါတယ်။ "မရမ်းကျေးရွာက အင်မတန် ဆင်းရဲတယ်ဗျ။ ကလေးတွေက ကျောင်းတောင် မအပ်နိုင်ဘူး။ ကုန်တာကတော့ ကျောင်းဝင်ကြေး ၁၅၀၀၊ စာအုပ်ဖိုး ၁၃၀၀၊ ကျန်တာတော့ မပေးရဘူး။ အဲဒီ ၁၅၀၀၊ ၁၃၀၀ တောင်မှ မတတ်နိုင်ကြဘူး။ ကျောင်းမအပ်နိုင်တဲ့ အခါကျတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ကွမ်းခြံကုန်း မြို့နယ်ကနေ အဲဒီက ကလေးတွေကို ကျောင်းအကုန်လုံး အပ်ပေးလိုက်တယ်။"
