မြန်မာစာသင်ကျောင်းကို ထိုင်းအစိုးရက ipad ကွန်ပြူတာတွေလှူဒါန်း

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်နဲ့ ၄၂ ကီလိုမီတာမှာရှိတဲ့ အကောင်းဆုံးမိတ်ဆွေ မြန်မာစာသင်ကျောင်းက မူလတန်းအဆင့် ကလေးငယ်တွေအတွက် ထိုင်းပညာရေးဌာနက ခေတ်မီသင်ထောက်ကူ iPad tablet ကွန်ပြူတာ ၉၁ လုံးကို နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အခမဲ့ ပေးအပ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ထိုင်းအစိုးရ ပညာရေးဌာနက ASEAN One Community အတွက်ရည်ရွယ်ပြီး ရွှေ့ပြောင်း မြန်မာစာသင်ကျောင်းက ကလေးငယ်တွေကို iPad tablet ကွန်ပြူတာတွေ ပေးအပ်ခဲ့တာလို့ ကွန်ပြူတာတွေလက်ခံရရှိခဲ့တဲ့ အကောင်းဆုံးမိတ်ဆွေ မြန်မာစာသင်ကျောင်းရဲ့တာဝန်ခံ ကိုထိုက်သူအောင်က အခုလိုပြောပါတယ်။

“ထိုင်းပညာရေးဌာနနဲ့ ကျနော်တို့ ဒီရွှေ့ပြောင်းပညာရေးဌာနတို့ ပူးပေါင်းပြီးတော့ ASEAN One Community ကို ရည်ရွယ်ပြီးတော့ ကလေးတွေကို စာအုပ်တွေ ခဲတံတွေကနေလွတ်ပြီးတော့ E education အာဆီယံ (၁၀) နိုင်ငံမှာ ကျင့်သုံးနိုင်ဖို့အတွက်ကို စပြီးတော့ စမ်းသပ်တဲ့ Program ပေါ့နော် ပထမအရစ် ဂရိတ်ဝမ်းတစ်တန်းတည်း ၅၁ လုံးရတယ်။ နောက်တစ်ခုက ကျနော်တို့ကျောင်းကနေပြီးတော့ ဂရိတ်တူး ပြီးဆုံးသွားပြီးတော့ ဒီအာဆီယံ Subject ကို တက်ရောက်သင်ကြားနေတဲ့ ကလေး ၄၀ အတွက် အလုံး ၄၀ ပေါင်း ၉၁ လုံးပေါ့ဗျာ။ ဒါတော့ ထွက်ပေါ်လာပြီ။ ဂရိတ်တူးတို့ ဂရိတ်သရီးတို့အတွက် ဆွေးနွေးပြီး မကြာခင်မှာ ထပ်ပြီး ထောက်ပံ့ဖို့လည်း သူတို့ဘက်ကဆောင်ရွက်နေတာ"

အကောင်းဆုံးမိတ်ဆွေ မြန်မာစာသင်ကျောင်းဟာ ပြီးခဲ့တဲ့ ပညာသင်နှစ်ကစလို့ ထိုင်းပညာရေးဌာနနဲ့ ပူးပေါင်းပြီး အတန်းတိုင်းမှာ ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာရပ်တွေကို ပူးတွဲသင်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

မနေ့ကပေးအပ်ခဲ့တဲ့ iPad tablet ကွန်ပြူတာတွေထဲမှာ ထိုင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ သင်ရိုးပရိုဂရမ်တွေ အဆင်သင့်ထည့်သွင်းပေးထားပြီး အသုံးပြုနည်းတွေကိုလည်း ထိုင်းပညာရေးဌာနက ကွန်ပြူတာကျွမ်းကျင်သူတွေက ကျောင်းသားတွေအပြင် ကျောင်းသားမိဘတွေပါ တက်ရောက်သင်ကြားစေပါတယ်။

အကောင်းဆုံးမိတ်ဆွေ မြန်မာစာသင်ကျောင်းဟာ မြန်မာကျောင်းသား ကျောင်းသူ ၄၄၀ ကျာ်ကို ဆရာ၊ ဆရာမ ၁၇ ဦးနဲ့ ပညာသင်ကြားပေးနေတဲ့ ထိုင်း - မြန်မာနယ်စပ်က စာသင်ကျောင်းဖြစ်ပါတယ်။