ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် NLD ကျောင်းသုံးပစ္စည်းအလှူ အာဏာပိုင်တွေ ငြင်းပယ်

ဖေဖော်ဝါရီ၁၃ရက်နေ့မှာ ကျရောက်မဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်း အမှတ်အတွက် NLDပါတီက ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ မူလတန်းကျောင်းအချို့ကို ဒီရက်ပိုင်း အတွင်း ဗလာစာအုပ် လိုက်လံဝေငှ လှူဒါန်းနေတာကို အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် အရဆိုပြီး တချို့ကျောင်းတွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ် ။

0:00 / 0:00

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်အရ ရန်ကုန်တိုင်း မြောက်ပိုင်းမြို့နယ်တွေ ဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး စတဲ့ ၄ မြို့နယ်တွင်းက မူလတန်း ၂၅ ကျောင်းကို ဗလာစာအုပ် ဒါဇင်ပေါင်း ၂၄၀၀ လိုက်လံ ဝေငှခဲ့ရာမှာ အစပိုင်းကျောင်းတွေက လက်ခံခဲ့ပေမဲ့ နောက်ပိုင်း ကျောင်းတွေ ငြင်းပယ်လာတာကို ကြုံရတယ်လို့ စာအုပ်လိုက်ဝေရာမှာ ကိုယ်တိုင်ပါခဲ့သူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

“ကျွန်မတို့ မင်္ဂလာဒုံမြို့နယ်မှာလည်း ဒေါ်ခင်ဌေးကြွယ်တို့ ဦးဆောင်ပြီးတော့မှ ၁၂ ကျောင်းလောက်အထိက အေးအေးဆေးဆေးပဲ၊ ၁၃ ကျောင်းမြောက်မှာကျတော့ ဘာပြောလဲဆိုတော့ သူတို့ လက်မခံပါရစေနဲ့၊ ပညာရေးမှူးထံကို လှူပေးပါ၊ ပညာရေးမှူးကနေ ဝေပေးပါမယ် ဆိုပြီး ပြောတယ်။ ပြောတော့ ဒေါ်ခင်ဌေးကြွယ်ကနေပြီးတော့ ပညာရေးမှူးဆီ ဖုန်းဆက်တယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ပညာရေးမှူးက သူ့သဘောနဲ့သူ မပြောရဲပါဘူးတဲ့၊ အထက်က အမိန့်လာလို့ပါလို့ ပြောတယ်။”

အခုလို NLD ပါတီရဲ့ ဗလာစာအုပ်အလှူအတွက် ကျပ်ငွေသိန်း ၁၀၀ နီးပါး အသုံးပြုခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် အရင်က သတ်မှတ်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မေဝင်းမြင့်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်