ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေကို ဖမ်းဆီးခံနေရတာတွေ ရပ်တန့်ပေးဖို့အတွက် တအာင်းကျောင်းသား နဲ့လူငယ်အဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့တို့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေ နောက်ထပ်မဖြစ်ပွားဖို့၊ ဒေသခံတွေကို ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့အတွက် တောင်းဆို ထားတာဖြစ်တယ်လို့ တအာင်းကျောင်းသားနဲ့လူငယ်အဖွဲ့က မိုင်းမျိုးအောင်က ပြောပါတယ်။
"တိုက်ပွဲတွေလည်း အရမ်းပြင်းထန်မှာ စိုးရိမ်တာ တစ်ခုရယ်၊ အခုလက်ရှိမှာက စစ်တိုက်တာချင်း မဟုတ်ပဲနဲ့ပေါ့နော် ဒီတစ်ခါ လူထုကိုပစ်မှတ်ထားပြီးတော့မှ ဖမ်းဆီးတာမျိုးတွေ တောက်လျှောက် အဲ့ဒီၤလိုဖြစ်လာတဲ့အချိန်မျိုးမှာ ဒီထက်ပိုဆိုးလာမှာ ကျနော်တို့ စိုးရိမ်တာပေါ့၊ ဟန့်တားနိုင်အောင်ပေါ့နော် အဲ့ဒါကြောင့်မို့လို့ အခု သူတို့ ဖမ်းဆီးထားပြီးတဲ့လူတွေကိုလည်း သူတို့အမြန်ဆုံး လွှတ်ပေးနိုင်ဖို့ အတွက်၊ ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သက်ဆိုင်ရာ တပ်မတော်အရာရှိတွေ အရေးယူနိုင်အောင် ကျနော်တို့ ညှိနှိုင်းတာပါ"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ဝဝ လောက် ဖမ်းဆီးခံခဲ့ရပြီး ညှင်းပမ်းနှိပ်စက်ခံရသူ ၃ ဦးရှိခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး ပြင်းထန် စွာဒဏ်ရာရရှိခဲ့သလို နေအိမ် အလုံး၂ဝ မီးရှို့ခံခဲ့ရကြောင်း၊ ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်နဲ့စပါးတွေပါ ဖျက်ဆီးခံခဲ့ရသလို ဒေသခံ တစ်ထောင်ကျော် အိုးအိမ်တွေကို စွန့်ခွာနေရကြောင်း အဲ့ဒီကြေညာချက်မှာ ပါရှိပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက လွယ်ကန်ရွာဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တစ်ရွာလုံးမီးရှို့ခံခဲ့ရပြီး လွယ်စရမ်းရွာ ဟာလည်း တစ်ရွာလုံးဖျက်ဆီးခံခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာမှာ ၇ဝဝ လောက်နဲ့ နမ့်ဖက်ကာရွာမှာ ဒုက္ခသည် ၆၅ဝ ကျော်တို့ ခိုလှုံနေကြရပါတယ်။
