ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီမှာ တိုင်းရင်းသားပါတီတွေ ပါဝင်သင့်


2013.04.22

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရအပြင် တိုင်းရင်းသားတွေပါဝင်တဲ့ ကော်မတီဖွဲ့စည်းပြီး ညီလာခံ ကျင်းပသွားသင့်တယ်လို့ တိုင်းရင်းသားပါတီတွေပါဝင်တဲ့ ဆွေးနွေးပွဲက ဒီကနေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(WGEC)နဲ့ ပြည်တွင်း တိုင်းရင်းသားပါတီ ၁၂ ပါတီတို့ ပူးတွဲဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ပြောကြားခဲ့တာပါ။

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရအပြင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၊ ညီလာခံကနေ ဆွေးနွေးရရှိလာမယ့် အချက်တွေကို ပြည်ထောင်စု လွှတ်တော်က အသိအမှတ်ပြုတယ်ဆိုတဲ့ ထောက်ခံချက်ကို ညီလာခံမကျင်းပခင် ကြိုတင်ရယူထားသင့်ကြောင်း ဆွေးနွေးကြတယ်လို့ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက RFA ကို ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ကယန်းအမျိုးသားပါတီ၊ တအောင်း-ပလောင်အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အရှိုချင်း အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်အားမာန် လူငယ်ကွန်ရက်တို့က ကိုယ်စားလှယ်အယောက် ၄၀ တက်ရောက်ခဲ့ကြပါတယ်။

ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။