ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့(Working group for Ethnic Coordination- WGEC)က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ မှာ ဆွေးနွေးပွဲတစ်ရပ် တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
၁၉၉၀ ခုနှစ်က အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ လက်ရှိ လွှတ်တော်ပြင်ပမှာရှိနေကြတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
WGEC က ရေးဆွဲနေတဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ရေးအစီအစဉ်တွေအကြောင်း အဲဒီပွဲမှာ အဓိကရှင်းလင်းဆွေးနွေးတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပြည်ပတိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စတာတွေကို ဟန်ချက်ညီညီဆောင်ရွက်သွားဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ချင်းအမျိုးသားတပ်ဦးက ဒေါက်တာရွှေခါးနဲ့ ရခိုင်လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် တနင်္လာနေ့မှာလည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့ WGEC အဖွဲ့တို့ ဆက်လက်တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
WGEC အဖွဲ့ကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။