မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စီးပွားရေး ကုမ္ပဏီအတော်များများ အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီတွေဟာ ပုဂ္ဂလိကပိုင် လုံခြုံရေးအေဂျင်စီတွေကို ငှားရမ်းနေကြတယ်လို့ Channel News Asia သတင်းက ဖော်ပြပါတယ်။
လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Aspect Management Myanmar က ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးမြင့်နိုင်က မိမိတို့ရဲ့လုံခြုံရေးဝန်ဆောင်မှုကို နောက်ဆုံးငှားရမ်းခဲ့တာဟာ ဓါးပြရန်နဲ့ တခြားအန္တရာယ်တွေအတွက် ငှားရမ်းခဲ့တာဖြစ်ကြောင်း၊ ဒါပေမဲ့ ဗုံးကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက် ဗုံးအန္တရာယ်ကာကွယ်ရေးအတွက် အများဆုံးငှားရမ်းချင်လာကြကြောင်း၊ ကမ္ဘာ့ဘဏ်ဆိုရင် မိမိတို့လုံခြုံရေးအဖွဲ့ကို ငှားရမ်းထားကြောင်း၊ အခုဆိုရင် မိမိတို့လုံခြုံရေးအဖွဲ့တွေကို သင်တန်းတွေထပ်ပေးဖို့ လိုအပ်လာပြီဖြစ်ကြောင်း ပြောပါတယ်။
အလားတူ Professional Security Service ကုမ္ပဏီက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါမင်းကလည်း အရင်ကတော့ ကုမ္ပဏီတွေဟာ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို မသုံးစွဲစေချင်ကြပါဘူး၊ ငွေအပိုမကုန်ချင်တဲ့အပြင်၊ လိုလည်းမလိုဘူးဘူးလို့ ထင်ကြပါတယ်၊ အခုတော့ CCTV လုံခြုံရေးကင်မရာတွေနဲ့ သတ္တု ထောက်လှမ်းရှာဖွေတဲ့ ကိရိယာတွေလိုမျိုးတွေ ပိုပြီးသုံးစွဲလာချင်နေကြပါတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုံးကွဲမှုတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ကြောက်လန့်သွားအောင် ရည်ရွယ်ခဲ့တာလို့ ဖောက်ခွဲခဲ့သူတွေက ဝန်ခံခဲ့ကြကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့အပြီး၊ အခုလို နိုင်ငံခြားကုမ္ပဏီတွေက လုံခြုံရေးဝန်ဆောင်မှုတွေ တိုးတက်ငှားရမ်းလာခဲ့တာဖြစ်တယ်လို့ CNA သတင်းက ဆိုပါတယ်။ ပုဂ္ဂလိကလုံခြုံရေးအင်္ဖွဲ့ဝင် အများအပြားဟာ ရဲအရာရှိဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေဖြစ်ကြတယ်လို့ သိရပါတယ်။ အခုအခါ ပုဂ္ဂလိက လုံခြုံရေးအင်္ဖွဲ့ဝင်တွေကို သင်တန်းတွေ ပြန်ပေးနေတယ်လို့ ဆိုပါတယ်။