မိတ္ထီလာမှာ ကောလဟာ လကြောင့် လုံခြုံရေးတွေ တိုးမြှင့်ချထား

မန္တလေးတိုင်း၊ မိထ္ထီလာမြို့မှာ မနေ့ညနေက မိသားစုဝင်အချင်းချင်း စကားများရာကနေ လူသတ်မှုဖြစ်ပွားခဲ့တဲ့အပေါ် ကောလဟာလ သတင်းတွေ အမျိုးစုံထွက်ပေါ်နေတာကြောင့် အဲဒီရပ်ကွက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

လူသတ်မှုကျူးလွန်ရာမှာပါဝင် ပတ်သက်သူသုံးဦးကို မိတ္ထီလာရဲစခန်းက ထိန်းသိမ်းထားပြီး အုပ်ချုပ်ရေး မှူးတွေကလည်း ပြည်သူတွေ အေးအေးချမ်းချမ်းနေဖို့ လိုက်လံအသိပေးနေတယ်လို့ မိတ္ထီလာမြို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။

"ပထမတော့ လူ ၃ဝ လောက်ဟာ ဖြစ်တဲ့နေရာ မှာ ဝိုင်းလာကြတယ်၊ နောက်ပိုင်းကျတော့ သံဃာ၊ ရဲနဲ့ ရယကက ထိန်းသိမ်းလိုက်တယ်၊ လူစုခွဲလိုက်တယ်၊ အရင်အစအနနဲ့ဆိုတော့ နည်းနည်းတော့ စိုးရိမ်ကြတယ်ခင်ဗျ၊ မွတ်စလင် တချို့ကတော့ ပြောင်းရွေ့သွားကြတယ်၊ ခုညမှာပဲ ရယကနဲ့ မြို့နယ်မှူးတွေက ရပ်ကွက်တွေကို ဘာမှပြဿနာ မရှိတော့ပါဘူး၊ ကိုယ့်အိမ်ထဲကနေ မထွက်ကြပဲနဲ့ အေးအေးဆေးဆေးပဲနေကြဖို့ပေါ့ စပီကာနဲ့ လိုက်အော်တယ်၊ ဖြစ်တဲ့အချိန်မှာရယ်၊ ဒီနေ့မနက်မှာကျတော့ ဖြစ်တဲ့ ပြည်သာယာ ၁ လမ်းမတဝိုက်မှာပဲ ရဲချထားပါတယ်ခင်ဗျ၊ ကျန်တဲ့မြို့ပေါ်ကတော့ ဘာမှမချပါဘူးခင်ဗျ"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးဆီကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခြေအနေ အေးချမ်းနေပြီး အင်တာနက်စာမျက်နှာတွေမှာပါရှိတဲ့ မိတ္ထီလာမှာ ဆူပူမှုဖြစ်နေတယ်ဆိုတာတွေဟာ ကောလဟာလတွေသာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။