နယ်ခရီးစဉ်ဟာ လုံခြုံရေး အထူး အရေးကြီးကြောင်း အမေရိကန် သံရုံး တာဝန်ခံဟောင်း ပြောကြား

ဒေါ်အောင်ဆန်းစုကြည် မကြာခင် စတင်တော့မယ့် နယ်ခရီးစဉ်မှာ လုံခြုံရေးဟာ အဓိက သော့ချက်ဖြစ်တဲ့ အတွက် သူမအနေနဲ့ အထူး သတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးယာယီ တာဝန်ခံ ဟောင်း Priscilla Clapp က မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။

အစိုးရဟာ နိုင်ငံ မတည်မငြိမ် ဖြစ်မှာကို မလိုလားပါဘူး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ သတိပေးချက် တချို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နိုင် ပါတယ်၊ ဒါပေမယ့် အာဏာပိုင်တွေဘက်က ဘာလုပ်မယ်၊ ဒီခရီးစဉ်မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျမအနေနဲ့ အတိအကျ မသိနိုင်ပါဘူး၊ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတိထား ခြင်ဆင်ဖို့ လိုပါတယ်လို့ ပြောပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဘက်က တစုံတခု ကျူးလွန်တာမျိုး ရှိခဲ့ရင် ပြန်လည် ပေးဆပ်ရမှုဟာ နိုင်ငံတကာ အတိုင်းအတာ အထိ ကြီးမားပါလိမ့်မယ် လို့လည်း Ms. Clapp က ပြောပါတယ်။ Ms. Priscilla Clapp ဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ် အထိ ရန်ကုန်မြို့ အမေရိကန်သံရုံး အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ လက်ရှိမှာ နယူးယောက်မြို့အခြေစိုက် Asia Society အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်မူဝါဒရေးရာ လုပ်ငန်းအဖွဲ့မှာ အကြံပေးတဦးအဖြစ် ဆောင်ရွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စတင်တော့မယ့် နယ်ခရီးစဉ်၊ ဦးသိန်းစိန် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီတို့ကြား လက်ရှိ ဆက်ဆံရေးနဲ့ အလားအလာ စတဲ့ မြန်မာ့ နိုင်ငံရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ နယူးယောက်မြို့အခြေစိုက် Asia Society အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒ ရေးရာ လုပ်ငန်း အဖွဲ့မှာ အကြံပေး အဖြစ် ဆောင်ရွက်နေသူ၊ ရန်ကုန်မြို့အမေရိကန် သံရုံး ယာယီ တာဝန်ခံဟောင်း Ms Priscilla Clapp ကို ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00