ရွေးကောက်ပွဲအတွက် ANP ပါတီကိုယ်စားလှယ်လောင်း စိစစ်

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်နယ်အပြင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စာရင်းတွေကို လက်ခံနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ လက်ခံရရှိတဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို စီစစ်နေတယ်လို့ ရခိုင် အမျိုးသားပါတီ ANP ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်အတွင်းမှာတော့ တတ်နိုင်သမျှ အကုန်လုံးနီးပါးယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေပါတယ်၊ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ခြေခံမူ ၁ဝ ချက်ဆိုတာ ပေးထားပြီးသားရှိပါတယ်၊ ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းရဲ့ ပုဂ္ဂလိကအရည်အချင်း ပြည့်မှီမှုအတွက် ချမှတ်ထားတဲ့ဟာပါ၊ မြို့နယ်ကစိစစ်လို့ ပေးလိုက်ပြီးတဲ့အခါ အဲဒီ့မူအတိုင်းပဲ ဗဟိုအဆင့်က ထပ်စိစစ်သွားမှဖြစ်ပါတယ်"

ANP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လာမယ့်ဇွန်လ လယ်လောက်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး ပြည်နယ်တစ်ခုလုံးရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။